ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ ကြက်သားကို ကမ္ဘာမှာ ပထမဆုံးအဖြစ် စင်ကာပူက ရောင်းချခွင့် ပြု 

ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ ကြက်သားကို ကမ္ဘာမှာ ပထမဆုံးအဖြစ် စင်ကာပူက ရောင်းချခွင့် ပြု 
Photo - AFP

ဒီဇင်ဘာ ၁၂ 

စင်ကာပူနိုင်ငံက ဘယ်လို တိရစ္ဆာန်မျိုးမဆိုမှ သတ်ဖြတ်ရခြင်းမရှိဘဲ ထုတ်လုပ်ထားတဲ့ အသားရောင်းချခွင့်ကို ခွင့်ပြုလိုက်ပြီးနောက်မှာတော့ စားသောက်ဆိုင်တွေမှာ ဓာတ်ခွဲခန်းထုတ် ကြက်သားတွေကို မှာယူစားသောက်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ 

အမေရိကန်က စွန့်ဦးလုပ်ငန်းဖြစ်တဲ့ Eat Just က ၎င်းတို့ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ထားတဲ့ အသားတုလို့ ဆိုရမယ့် ကြက်သားတွေကို မြို့ပြနိုင်ငံ စင်ကာပူမှာ ရောင်းချခွင့် အတည်ပြုခွင့်ပြုလိုက်ကြောင်း ပြောပါတယ်။ 

ဒီ သတင်းဟာဆိုရင် ‘ကမ္ဘာလုံးဆိုင်ရာ အစားအစာဈေးကွက်ကြီးအတွက် ခေတ်သစ်တစ်ရပ်’ပဲ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ဓာတ်ခွဲခန်းထုတ် အသားတွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် နည်းလမ်းတွေ ရှာကြံသွားမယ်လို့လည်း ဆိုပါတယ်။ 

“အစားအစာ ခေတ်တစ်ခုကို အတည်ပြုပေးလိုက်တာပဲလို့ ကျွန်တော်တော့ ကျိန်းသေပြောချင်တယ်။ စင်ကာပူက ပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံတွေက ပြည်သူတွေ ဓာတ်ခွဲခန်းထုတ် ကြက်သားတွေကို စားသောက်နိုင်ကြတော့မှာ ဖြစ်တယ်။”လို့ Eat Just ရဲ့ စီးအီးအိုနဲ့ ပူးတွဲတည်ထောင်သူ ဂျို့တီထရစ်က ပြောပါတယ်။ 

ကျွဲနွားတိရစ္ဆာန်တွေဟာ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ကို ဖြစ်စေတဲ့ methane ဓာတ်ကို ထုတ်လွှတ်တာကြောင့် ဒီလို အသားစစ်တွေ စားသုံးတာဟာ သဘာဝပတ်ဝန်းကျင် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေပါတယ်။ သစ်ထုတ်လုပ်မှုတွေကြောင့်လည်း တိရစ္ဆာန်တွေရဲ့ သဘာဝပျက်စီးရတာဟာ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်မှာ အတားအဆီးအဖြစ် ရှိနေတာပါ။ 

သဘာဝပတ်ဝန်းကျင်အရေး စိုးရိမ်ပူပန်သူတွေနဲ့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဖိအားတွေ ကြီးထွားလာတာကြောင့် ရေရှည်အထားခံတဲ့ ဓာတ်ခွဲခန်းထုတ် အသားတုတွေ လိုအပ်ချက်ဟာ မြင့်မားနေလျက် ရှိပါတယ်။ ဒါပေမယ့် အခြား အစားအစာထုတ်ကုန်အဖြစ် သစ်သီးသစ်ရွက်ကနေ ဖန်တီးထုတ်လုပ်တဲ့ အသားတုတွေကတော့ ဈေးကွက်မှာ ရှိနေပါတယ်။ 

ဓာတ်ခွဲခန်းထုတ် အသားတွေဟာ အရမ်း ‌ဈေးကြီးလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် Eat Just ပြောခွင့်ရသူတစ်ဦးကတော့ ကုမ္ပဏီအနေနဲ့ ဈေးချိုချိုသာသာနဲ့ ထုတ်လုပ်ရောင်းချနိုင်မယ့် နည်းလမ်းကို ရှာကြံနေတယ်လို့ ပြောပါတယ်။ 

“ဒါက အစပဲလေ။ ကျွန်တော်တို့အနေနဲ့တော့ အခုနေမှာ ဈေးအတော်ကြီးနေသေးတဲ့ ဓာတ်ခွဲခန်းထုတ် ကြက်သားတွေကို အဆင့်မြင့်စားသောက်ဆိုင်တွေအတွက်ပဲ ရည်ရွယ်ထားရတာပေါ့။”လို့ အဲဒီ ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ဒီ ကြက်သားတွေရဲ့ ဈေးနှုန်းကိုတော့ သူက မပြောပေမယ့် မကြာခင်မှာ စင်ကာပူက စားသောက်ဆိုင်တွေမှာ မှာယူစားသောက်နိုင်တော့မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly