ကယားပြည်နယ်တွင် ကိုဗစ်ကာလ အိမ်တွင်းအကြမ်းဖက်မှု များလာ  

ကယားပြည်နယ်တွင် ကိုဗစ်ကာလ အိမ်တွင်းအကြမ်းဖက်မှု များလာ  

ဒီဇင်ဘာ ၁၁၊ ၂၀၂၀ 

ကယားပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားနေစဉ် ရှစ်လကြာ ကာလအတွင်း အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှု ပိုများလာကြောင်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်မောင်က ပြောသည်။ 

ကိုဗစ် မဖြစ်ခင်ကာလတွင် အိမ်တွင်း အကြမ်းဖက်မှု တစ်လအတွင်း သုံးဦးခန့်သာ တိုင်ကြားမှု ရှိခဲ့ရာမှ နောက်ပိုင်း ၁၀ ဦးအထိ ပိုများလာပြီး ရှစ်လကြာကာလအတွင်း အိမ်တွင်အကြမ်းဖက်မှုကြောင့် တိုင်ကြားမှု စုစုပေါင်း ၅၇ ဦးအထိ များလာကြောင်း ဦးမြင့်မောင်က ဆိုသည်။ 

“ဒီအပေါ်မှာ ပြန်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်တာတို့၊ တရားရုံးမှာ ဦးတိုက်လျှောက်ပြီး အမှုဖွင့်တာတို့ ဆောင်ရွက်တာပေါ့လေ။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း တချို့ရဲစခန်းတွေက အမှုမဖွင့်ပေးဘဲနဲ့ အချိန်ဆွဲထားတာတွေ ရှိတယ်။ နှစ်ရက်၊ သုံးရက်ကြာအောင် အချိန်ဆွဲထားတာတွေ၊ အဲဒီလို ကြန့်ကြာမှုတွေ ရှိတယ်ဆိုပြီးတော့ အမျိုးသမီးအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက တင်ပြပါတယ်” ဟု ဦးမြင့်မောင်က ပြောသည်။ 

လက်ရှိအချိန် ကိုဗစ် ကာလနှင့် ကိုဗစ်ကာလပြီး နောက်ပိုင်း ဖြစ်ပေါ်လာမည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် ပတ်သက်၍ ကယားပြည်နယ် ကျန်းမာရေးနှင့် ကုသရေး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး၊ ပြည်နယ်ရဲဌာန၊ မီးသတ်ဦးစီးဌန၊ အရပ်ဘက် အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များက ကယားပြည်နယ် လွှတ်တော်ရုံး ရေးရာကော်မတီများ ခန်းမဆောင်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဦးမြင့်မောင်က ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။ 

ဦးမြင့်မောင်က “ရဲမှူးကြီးကတော့ အဲဒီလို အိမ်တွင်းအကြမ်းဖက်မှုနဲ့ အမှုဖွင့်တာမျိုး မရှိဘူးလို့ ပြောပါတယ်။ 199 ကို ဖုန်းဆက်မယ်ဆိုရင်လည်း သူတို့ရဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဆီကို ရောက်ပြီးတော့ ဒါကို အချိန်နဲ့တပြေးညီ ကူညီဆောင် ရွက်ပေးပါမယ်ဆိုပြီးတော့ ကတိလေးပေးသွားပါတယ်” ဟု ပြောသည်။ 

အစည်းအဝေး တက်ရောက်သည့် ကရင်နီ အမျိုးသမီးများ အစည်းအရုံးမှ မော်သဲမာက ကယားပြည်နယ်တွင် မြို့နယ် ခုနစ်ခု ရှိသည့်အနက် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် အိမ်တွင်းအကြမ်းဖက်မှုများ အများဆုံး ကြုံတွေ့ရကြောင်း မဇ္ဈိမကို ပြောသည်။ 

အမျိုးသမီးအများစုသည် ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ခြင်း၊ ခင်ပွန်းဖြစ်သူက မူးယစ်ဆေးဝါးသုံးစွဲပြီး မိသားစုဝင်များကို ဓားဖြင့် အန္တရာယ်ပြုခြင်း စသည်တို့ကို ရင်ဆိုင်ရကြောင်းလည်း သူမက ဆိုသည်။ 

အဆိုပါ တင်ပြဆွေးနွေးချက်များကို တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ကော်မတီက လာမည့် ကယားပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာတစ်စောင် ပြုစုပြီး တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required