OceanLotus ဟက်ကာအဖွဲ့က ဗီယက်နမ် IT ကုမ္ပဏီနှင့် ဆက်စပ်မှုရှိကြောင်း Facebook က ခြေရာခံမိ 

OceanLotus ဟက်ကာအဖွဲ့က ဗီယက်နမ် IT ကုမ္ပဏီနှင့် ဆက်စပ်မှုရှိကြောင်း Facebook က ခြေရာခံမိ 

ဒီဇင်ဘာ ၁၁  

ဗီယက်နမ် အစိုးရကိုယ်စား ကာလရှည်ကြာသူလျှိုလုပ်နေသည်ဟု သံသယရှိသော ဟက်ကာအဖွဲ့တစ်ဖွဲ့သည်  ဟိုချီမင်းမြို့ရှိ IT ကုမ္ပဏီနှင့်ဆက်စပ်မှုရှိနေကြောင်း Facebook မှ ဆိုက်ဘာလုံခြုံရေးဆိုင်ရာစုံစမ်းစစ်ဆေးသူများက ခြေရာခံမိခဲ့ကြသည်။  

Facebook သည် ထိုးစစ်ဆင်ဟက်ကာစစ်ဆင်ရေးကို လူသိရှင်ကြား ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုကိစ္စသာ အတည်ဖြစ်ပါက သံသယရှိသော အစိုးရကျောထောက်နောက်ခံပြု ဆိုက်ဘာသူလျှိုများက သီးခြားအဖွဲ့အစည်းကိုခြေရာခံနေသည့် ရှားပါးအမှုပင်ဖြစ်ပေလိမ့်မည်။  

OceanLotus သို့မဟုတ် APT32 ဟုခေါ်သည့် ဟက်ကာအဖွဲ့သည် နိုင်ငံရေးအတိုက်အခံများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားအရာရှိများကို နှစ်ပေါင်းများစွာ သူလျှိုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။ အဆိုပါအဖွဲ့သည် ကိုဗစ်-၁၉ ပထမဆုံးပျံ့နှံ့ခဲ့စဉ်က တရုတ်အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနနှင့် ဝူဟန်အစိုးရ၏ အချက်အလက်များကို ချိုးဖောက်ရန် ကြိုးစားခဲ့သည်ဟု ယခုနှစ်အစောပိုင်းက ရိုက်တာသတင်းဌာနတွင် ဖော်ပြခဲ့သည်။  

OceanLotus နှင့် ဆက်စပ်ခဲ့ဖူးသော ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဟိုချီမင်းမြို့ရှိ  ဗီယက်နမ်ကုမ္ပဏီ CyberOne အကြား ဆက်သွယ်မှုများရှိနေသည်ကို တွေ့ရှိထားသည်ဟု Facebook က ဆိုသည်။  

 CyberOne အုပ်စုက ၎င်းတို့သည် ဟက်ကာများနှင့် ဆက်စပ်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။  

“ကျွန်တော်တို့က OceanLotus အဖွဲ့က မဟုတ်ပါဘူး။ ဒါဟာ မှားယွင်းမှုတစ်ခုပါ” ဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

နိုင်ငံတကာမီဒီယာများ၏မေးမြန်းစူးစမ်းမှုကို ရင်ဆိုင်ဖြေရှင်းနေရသော ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း OceanLotus ဟက်ကာအဖွဲ့နှင့် ဆက်ဆက်မှုမရှိကြောင်း ငြင်းဆိုထားသည်။  

ဟက်ကာများသည် ဆိုက်ဘာတိုက်ခိုက်မှုအများအပြားပြုလုပ်ရန် ပလက်ဖောင်းများစွာ အသုံးပြုခဲ့ကြပြီး တက်ကြွလှုပ်ရှားသူများ ၊စီးပွားရေးလုပ်ငန်းများနှင့် ချစ်ခြင်းမေတ္တာရေးရာ အကြောင်းအရာများ တင်ခြင်းဖြင့် ပစ်မှတ်များကိုလှည့်စားရန် အကောင့်တုများသုံးခဲ့ကြသည်။  

အနောက်နိုင်ငံများတွင် တရုတ်နှင့် ရုရှားကျောထောက်နောက်ခံပြု ဟက်ကာစစ်ဆင်ရေးများကို သံသယရှိနေစဉ်မှာ OceanLotus သည် နာမည်ဆိုးဖြင့်ကျော်ကြားသည့်အဆင့်သို့မရောက်သော်လည်း အရှေ့တောင်အာရှတွင် ခြေလှမ်းသွက်လျက်ရှိသည်။  

Facebook က ဖော်ထုတ်လိုက်သည့် ဟက်ကာလှုပ်ရှားမှုများသည် OceanLotus နှင့် စပ်ဆက်နေကြောင်း အမေရိကန်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ FireEye မှ အကြီးတန်းမန်နေဂျာနှင့် ဆလိုဗက်ကီးယား ဆော်ဖ်ဝဲလ်လုံခြုံရေးအဖွဲ့ ESET မှ သုတေသီ Ben Read က ပြောသည်။  

OceanLotus သည် အနည်းဆုံး ၂၀၁၃ ခုနှစ်ကတည်းက လှုပ်ရှားနေခဲ့ပြီး ဗီယက်နမ်အစိုးရကို အထောက်အပံ့ပြုလျက် အစိုးရကျောထောက်နောက်ခံပြုအဖွဲ့အစည်းတစ်ခု၏ ဝိသေသလက္ခဏာများရှိကြောင်း Ben Read ကပြောသည်။ 

Facebook သည် ဗီယက်နမ်အစိုးရတာဝန်ရှိသူများနှင့် လိပ်ခဲတည်းလည်းဆက်ဆံရေးမျိုးရှိပြီး ဆင်ဆာဖြတ်တောက်မှုတောင်းဆိုချက်များကို မလိုက်လျောပါက နိုင်ငံအတွင်း၌ Facebook ကို တားမြစ်သွားမည်ဟု ဗီယက်နမ်အစိုးရ၏ ခြိမ်းခြောက်မှုကို ခံထားရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly