F-15 နှင့် F-18 တိုက်လေယာဉ်များ အမေရိကန်ထံမှ အင်ဒိုနီးရှား ဝယ်ယူခွင့် ရရန် ရှိနေ 

F-15 နှင့် F-18 တိုက်လေယာဉ်များ အမေရိကန်ထံမှ အင်ဒိုနီးရှား ဝယ်ယူခွင့် ရရန် ရှိနေ 

ဒီဇင်ဘာ ၁၁ ၊ ၂၀၂၀

အမေရိကန်နှင့် အင်ဒိုနီးရှား ထိပ်တန်းကာကွယ်ရေးဝန်ကြီးများကြား လများစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်တွင် အမေရိကန်သည် F-15 နှင့် F-18 ဂျက်တိုက်လေယာဉ်များအား အင်ဒိုနီးရှားနိုင်ငံသို့ ရောင်းချရန် အရိပ်နိမိတ် ပြသလာခဲ့ကြောင်း ဂျကာတာရှိ ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးအရ သိရသည်။ 

အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာမီလာက တနင်္လာနေ့တွင် ဂျကာတာသို့ ရောက်ရှိပြီး အင်္ဂါနေ့၌ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တိုနှင့် တွေ့ဆုံခဲ့သည်။ ထို တွေ့ဆုံမှု၌ သက်တမ်းအို F-16 လေတပ်တပ်စုကို အဆင့်မြှင့်တင်နိုင်ရေး ကာလရှည် လိုလားပြင်းပြနေသည့် အင်ဒိုနီးရှားသို့ F-15 နှင့် F-18 တိုက်လေယာဉ်များ ရောင်းရန် မီလာက သဘောတူခဲ့သည်။  

မီလာ၏ ခရီးစဉ်ရည်ရွယ်ချက်၏ ထိပ်တန်းဦးစားပေးမှာ ရေပြင်အငြင်းပွားမှု ရှိနေပြီး တရုတ်က စစ်စခန်းများ တည်ဆောက်နေရာ တောင်တရုတ်ပင်လယ်အရေးပဲ ဖြစ်သည်။ ဆူဘီယန်တိုအား လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်ဖြင့် နှစ်နှစ်ဆယ်ကြာ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းအား အောက်တိုဘာလအတွင်း အမေရိကန်က ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီးနောက် မီလာ၏ အင်ဒိုနီးရှားခရီးစဉ် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ ထိုသို့ ဆူဘီယန်တိုကို ဒဏ်ခတ်ပိတ်ဆို့ထားခြင်း ရုပ်သိမ်းပြီး ပင်တဂွန်တာဝန်ရှိသူများနှင့်လည်း အဆင့်မြင့်တွေ့ဆုံမှုများ ခွင့်ပြုပေးခဲ့သည်။ 

သို့သော် နှစ်နိုင်ငံကြားက နွေးထွေးသော ဆက်ဆံရေးသည် တရုတ်ကို အမျက်ထွက်စေလိမ့်မည်ဟု အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးမဟာဗျူဟာဌာနခွဲ ညွှန်ကြားရေးမှူး ရိုဒွန်ပတ်ဒရာဆန်က ပြောသည်။ 

“တရုတ်က မေးတယ်၊ အမေရိကန်တွေကို ခင်ဗျားတို့ ဘာကြောင့် လက်သင့်ခံသလဲလို့။ ဒါကို ကျွန်တော်တို့က သံတမန်လမ်းကြောင်းကနေ တုံ့ပြန်ခဲ့ရတယ်။ ကျွန်တော်တို့ကတော့ တရုတ်ပဲဖြစ်ဖြစ်၊ အမေရိကန်ကိုပဲဖြစ်ဖြစ် ဂရုစိုက်သွားမှာပဲ ဖြစ်တယ်။”ဟု ၎င်းက အင်္ဂါနေ့တွင် ရေးသားပြောဆိုသည်။ 

ယာယီကာကွယ်ရေးဝန်ကြီး မီလာသည် အင်ဒိုနီးရှား စစ်ဦးစီးချုပ် ဟာဒီဂျက်ဂျန်တိုနှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်ဖွဲ့များကြား စစ်သင်တန်းလေ့ကျင့်မှုများ စတင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။ 

“တောင်တရုတ်ပင်လယ်နဲ့ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းဖို့ရာမှာ အာမခံကျိန်းသေစေဖို့နဲ့ အပြန်အလှန် မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်ဝန်ကြီးဌာနက အလေးထားတယ်ဆိုတာကို ဝန်ကြီးက အလေးအနက် ဖော်ပြခဲ့တယ်။”ဟု အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပတ်ဒရာဆန်က အမေရိကန်အနေဖြင့် လက်မှတ်ထိုးထားပြီးသား သဘောတူညီချက်များကို ပြန်လည်လက်ရှောင်လိမ့်မည်မဟုတ်ဟု လက်ခံထားသော်လည်း လာမည့်လ၌ သမ္မတအဖြစ် ကျမ်းသစ္စာဆိုမည် ဂျိုးဘိုင်ဒင်လက်ထက်တွင် အမေရိကန် ပေါ်လစီ အပြောင်းအလဲ ဖြစ်လာနိုင်သည်ကို အနည်းငယ် စိုးရိမ်ပူပန်မှု ရှိထားကြောင်း ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required