Pfizer ထုတ် ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ အမေရိကန်အစိုးရ အကြံပေးအဖွဲ့ ထောက်ခံ 

Pfizer ထုတ် ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ အမေရိကန်အစိုးရ အကြံပေးအဖွဲ့ ထောက်ခံ 

ဒီဇင်ဘာ ၁၁  

အမေရိကန်အစိုးရအကြံပေးအဖွဲ့က Pfizer ထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ကြာသပတေးနေ့က ထောက်ခံပြောဆိုလိုက်သည်။  

အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ အတည်ပြုချက် မည်မျှလျင်မြန်မည့်အပေါ်မူတည်ပြီး ကျွမ်းကျင်သူကော်မတီ၏အကြံပြုချက်အရ ကာကွယ်ဆေးထိုးမှုကို ရက်ပိုင်းအတွင်း စတင်နိုင်ဖွယ်ရှိသည်။ 

Pfizer နှင့် ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် အရွက်ရောက်ပြီးသူများနှင့် ၁၆ နှစ်နှင့်အထက်လူငယ်များအတွက် အရေးပေါ်အသုံးပြုရန် ဘေးကင်းပြီး ထိရောက်မှုရှိကြောင်း ကြားနေမဲ ၁ မဲ၊ ကန့်ကွက်မဲ ၄ မဲနှင့် ထောက်ခံမဲ ၁၇ မဲဖြင့် အစိုးရအကြံပေးအဖွဲ့က အတည်ပြုခဲ့သည်။  

ဗြိတိန်သည် Pfizer-BioNTech ၏ ကာကွယ်ဆေးကို အသုံးပြုသည့်ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပြီး ယခုသီတင်းပတ်အစောပိုင်းတွင် ကာကွယ်ဆေးစတင်ထိုးခဲ့ကြရာ လူနှစ်ဦးတွင် ဓာတ်မတည့်မှု တုံ့ပြန်မှုများနှင့်ပတ်သက်၍ မေးစရာဖြစ်နေသော်လည်း အမေရိကန်အစိုးရ၏အကြံပေးအဖွဲ့က အသုံးပြုရန် ထောက်ခံခဲ့ခြင်းဖြစ်သည်။ 

ကာကွယ်ဆေးထုတ်လုပ်မှု၊ ကူးစက်ရောဂါနှင့် ဆေးဘက်ဆိုင်ရာ အချက်အလက်များအပေါ် အစိုးရမဟုတ်သောကျွမ်းကျင်ပညာရှင်များ၏ လွတ်လပ်သော သုံးသပ်ချက်သည် ကာကွယ်ဆေးဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ အမေရိကန်တို့၏ ယုံကြည်မှုကို မြှင့်တင်ရာတွင် အရေးပါပေသည်။ 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန်တစ်လွှား တစ်ရက်အတွင်း စံချိန်တင်သေဆုံးမှု ၃ ၁၀၀ ကျော်ရှိခဲ့ပြီးနောက် ကာကွယ်ဆေးအသုံးပြုမည့်ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။  

နှစ်ကြိမ်ထိုးရမည့် ကာကွယ်ဆေးကို ဒီဇင်ဘာလအကုန်တွင် အမေရိကန်အတွက် ၂၅ သန်းရရှိလိမ့်မည်ဟု  ဖိုက်ဇာကုမ္ပဏီက ပြောသည်။  

လူအများအပြား ခုခံအား Herd Immunity ရရန် အနည်းဆုံး အမေရိကန်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ကာကွယ်ဆေးထိုးရမည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြသည်။  

FDA သည် လာမည့်သီတင်းပတ်တွင် Moderna နှင့် အမျိုးသားကျန်းမာရေးဌာနကထုတ်လုပ်သည့် ကာကွယ်ဆေးကို ဒုတိယမြောက်ကိုဗစ်ကာကွယ်ဆေးကိုအဖြစ် သုံးသပ်မည်ဖြစ်ပြီး ထိုဆေးသည်လည်း ဖိုက်ဇာထုတ်ဆေးကဲ့သို့ပင် ‌အကာအကွယ်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။  

တတိယမြောက်တစ်ခုမှာ တစ်ကြိမ်တည်းထိုးရန်လိုအပ်သည့် Johnson & Johnson ထုတ် ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး စမ်းသပ်နေဆဲဖြစ်ကာ ၎င်းနောက်တွင် AstraZeneca နှင့် Oxford တို့၏ ကာကွယ်ဆေးလည်း ရှိသည်။  

Pfizer –BioNTech ၏ ကာကွယ်ဆေးကို အသုံးပြုခွင့် ရနိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်ပြီး FDA သိပ္ပံပညာရှင်များ၏ နောက်ဆုံး ဆုံးဖြတ်ချက်အပေါ် အားလုံးက အာရုံစိုက်လျက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly