ကိုဗစ်ကူးခံရသည့် မဲရုံစောင့် ဆရာ၊ ဆရာမများကို ဝန်ကြီးဌာနက ကျပ် ၃ သိန်းစီ ထောက်ပံ့မည်

ကိုဗစ်ကူးခံရသည့် မဲရုံစောင့် ဆရာ၊ ဆရာမများကို ဝန်ကြီးဌာနက ကျပ် ၃ သိန်းစီ ထောက်ပံ့မည်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဒီဇင်ဘာ ၁၁၊ ၂၀၂၀

၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ရင်း ကိုဗစ်ကူးစက်ခံခဲ့ရသည့် ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ် သုံးသိန်းစီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။

ကပ်ရောဂါကာလတွင် ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၇၁ ဦးကို တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် အခြေခံပညာဦးစီးဌာန၏ အသုံးစရိတ်မှ စုစုပေါင်းငွေကျပ် ၂၁၃ သိန်းကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပညာရေးမှူးရုံးများမှတစ်ဆင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မှာ နေ့စဉ်စာရင်း ရှိပါတယ်။ ဘယ်နှယောက် ကွာရန်တင်း ဝင်ရတယ်၊ ဘယ်နှယောက် အာခေါင်တို့ဖတ် စစ်ရတယ်ဆိုတာ၊ ဘယ်နှယောက် ပိုးတွေ့တယ်ဆိုတာ စာရင်းရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မဲရုံတာဝန် ထမ်းဆောင်ရင်းနဲ့ ကူးစက်တာ အားလုံး ဆရာ၊ ဆရာမ ၇၁ ယောက်ကို ထောက်ပံ့ဖို့ အမိန့်လည်း ထုတ်လိုက်ပြီ။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေကနေ တစ်ဆင့်၊ ပညာရေးမှူးရုံးတွေ ကနေတစ်ဆင့် ရမှာပါ။ အခြေခံပညာ ဦးစီးဌာနကနေ ကျွန်တော်တို့ တတ်နိုင်သလောက် ထောက်ပံ့တဲ့ သဘောပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

ကိုဗစ်ကာလ အခက်အခဲရှိနေသည့် ဆရာ၊ ဆရာမများ၊ ကိုဗစ်-၁၉ ကူးစက်ခံရသည့် ဆရာ၊ ဆရာမများ အနေဖြင့် အကြောင်းကြားနိုင်ကြောင်းနှင့် တတ်နိုင်သလောက် ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်းလည်း ဦးကိုလေးဝင်းက ပြောသည်။

“မဲရုံတာဝန်ကို ကြည်ကြည်ဖြူဖြူနဲ့ ရွေးကောက်ပွဲကော်မရှင်က ပေးအပ်တဲ့ တာဝန်ကို ကိုဗစ် ကူးစက်နေတဲ့ကြားက တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ဆရာ၊ ဆရာမတွေ အနေနဲ့ တကယ်လို့ အခက်အခဲများ ရှိတယ်၊ ကူးစက်ခံရတယ် ဆိုရင်လည်း အကြောင်းကြားဖို့နဲ့ ကျွန်တော်တို့ အများအားဖြင့် တတ်နိုင်သလောက် အခြေခံပညာဦးစီးဌာနက လိုအပ်တာတွေ ပံ့ပိုးပေးသွားပါမယ်” ဟု ၎င်းက ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်း နှစ်သိန်းဝန်းကျင်က မဲရုံတာဝန်ကို ပါဝင်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၃၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ဦး၊ ကရင်ပြည်နယ်တွင် ၁၁ ဦး၊ မွန်ပြည်နယ်တွင် လေးဦး၊ ရခိုင်ပြည်နယ်တွင် နှစ်ဦး၊ မကွေးတိုင်းဒေသကြီးတွင် နှစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ဦး စုစုပေါင်း ပညာရေးဝန်ထမ်း ၇၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဆရာမ နှစ်ဦးမှာ ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required