အဓမ္မပြုကျင့်သူ တပ်မတော်သား ၃ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ စီကျ 

အဓမ္မပြုကျင့်သူ တပ်မတော်သား ၃ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ စီကျ 
ဓာတ်ပုံ - စစ်တွေအကျဉ်းထောင်

ဒီဇင်ဘာ ၁၁၊ ၂၀၂၀ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါရွာမှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့်အမှုတွင် ကျူးလွန်သူ တပ်မတော်သား သုံးဦးကို စစ်တွေမြို့၌ စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ စီ ဒီဇင်ဘာ ၁၁ ရက်နေ့က ချမှတ်လိုက်ပြီး စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။  

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ရွာထဲသို့ ဝင်ရောက်လာသည့် စစ်ကြောင်းတစ်ခုမှ တပ်မတော်သား သုံးဦးက အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့သည်ဟု ကာယကံရှင် အမျိုးသမီးက ဇူလိုင်လ ၁ဝ နေ့တွင် စစ်တွေမြို့မ ရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့သည်။  

“သူတို့ကို စွဲချက်တင်ထားတဲ့အတိုင်းပဲ ၃၇၆၊ ၃၆၆၊ နောက် တပ်မတော်ဥပဒေ ၇၁ ပေါ့၊ အကုန်လုံးပေါင်းပြီး တစ်ယောက်စီကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ပါတယ်” ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သူ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူက ပြောသည်။  

အမှုရင်ဆိုင်ရခဲ့သည့်အချိန် ခြောက်လကျော် ကြာမြင့်ခဲ့သော်လည်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်မှာ ကြီးလေးသည့် ပြစ်ဒဏ်ဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်ပေးသည်ဟု ယူဆကြောင်းလည်း ရှေ့နေ ဒေါ်မြသူက ဆိုသည်။  

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် တပ်မတော်သားများအနေဖြင့် အဓမ္မမှုကျူးလွန်ခြင်း မရှိကြောင်းနှင့် အထင်အမြင် လွဲမှားရန် လုပ်ကြံဖန်တီးသည့် သတင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။  

သို့သော် စစ်ခုံရုံးဖွဲ့ စစ်ဆေးနေစဉ် ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထားများ ပေါ်ထွက်ခဲ့ပြီး ကျူးလွန်သူ သုံးဦးကလည်း ဝန်ခံခဲ့သည်။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ နစ်နာသူ အမျိုးသမီးထံ ဆက်သွယ်သော်လည်း လတ်တလော အဆက်အသွယ် မရရှိသေးပေ။ အဆိုပါ အမျိုးသမီးသည် ယခုဖြစ်စဉ်ကြောင့် ခင်ပွန်း၏ စွန့်ပစ်ခြင်းကို ခံထားရသည်ဟုလည်း ရခိုင်အမျိုးသမီး ကွန်ရက်၏ ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။  

“မြန်မာတစ်နိုင်ငံလုံးနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အောင်မြင်မှုတစ်ခု ရတယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ တပ်ဘက်ဆိုင်ရာနဲ့ ဖြစ်တဲ့အမှုတွေက တော်တော်များများက ပပျောက်သွားတတ်တယ်။ တချို့ အမှုမှန် မပေါ်ဘူး။ တချို့က တရားလိုတောင်မှ ဖိအားပေးခံရတယ်ပေါ့” ဟု ဒေါ်ညိုအေးက ပြောသည်။  

လက်နက်ကိုင် ပဋိပက္ခများကြောင့် နောက်ဆက်တွဲ အကျိုးဆက်များအဖြစ် အမျိုးသမီးများ၏ဘဝ လုံခြုံမှု ကင်းမဲ့နေသည့် အနေအထားများကို ရင်ဆိုင်နေကြရသည်ဟု ရခိုင်လူမှုအဖွဲ့ ၁၀၀ ကျော်ကလည်း ထုတ်ပြန်ထားသည်။  

တပ်မတော်အနေဖြင့်လည်း တပ်မတော်သားများသည် စစ်စည်းကမ်းများအတိုင်း နေထိုင်၊ တာဝန်ထမ်းဆောင်နေကြပြီး ပြစ်မှုကျူးလွန်ကြောင်း သိရှိပါကလည်း စစ်ဆေးပြီး ပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required