ဧရာဝတီတိုင်းအစိုးရ တစ်ဖွဲ့လုံး Home Quarantine ဝင်ရ

မင်းထက် (ပုသိမ်)၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်သည် လပွတ္တာမြို့တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ငွေစာရင်း ရှင်းတမ်းများ ဆောင်ရွက်စဉ် ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရသည်ဟု သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် တက်ရောက်ခဲ့သည့်အတွက် ကျန် တိုင်းအစိုးရအဖွဲ့ဝင်များလည်း ဒီဇင်ဘာ ၁၁ ရက်နေ့တွင် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် swab test ယူပြီး နေအိမ်တွင် သီးခြားခွဲနေရမည့် home quarantine ငါးရက်နေရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ပေါ့နော်၊ သူက လပွတ္တာကို ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် အသုံးစားရိတ် ငွေစာရင်းရှင်းတမ်းတွေ လုပ်ဖို့ ပြန်သွားတာ။ ပြန်သွားတော့ (ဒီဇင်ဘာ) ၅ ရက်နေ့မှာ Rapid test kit နဲ့ စစ်တဲ့အခါမှာ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးယောက်က positive ဖြစ်ပြီးတော့ သူက အဲ့ဒီအချိန်တော့ negative ဖြစ်တာပေါ့။ သို့သော်လည်းပဲ သူကတော့ အဲ့ဒီမှာ hotel quarantine နေနေတယ်။ သူ့ကို swab ယူပြီး ၈ ရက်နေ့မှာ ပုသိမ်ကနေတစ်ဆင့် ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းကို ပို့လိုက်တော့ ၉ ရက်နေ့ညမှာ positive သေချာသွားတာပေါ့နော်။ လောလောဆယ် သူက လပွတ္တာမှာပါ။ ပုသိမ်ကိုခေါ်ဖို့လည်း စီစဉ်နေပါတယ်။ လောလောဆယ်မှာ ကျန်းမာရေးလည်း ကောင်းပါတယ်” ဟု တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့အစည်းအဝေးသို့ တိုင်းဝန်ကြီး ဦးကျော်မြင့် တက်ရောက်ခဲ့သည့်အတွက် အစည်းအဝေးတက်ရောက်ခဲ့သည့် တိုင်းအစိုးရတစ်ဖွဲ့လုံးကို ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ညွှန်ကြားချက်အရ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူပြီး home quarantine ဝင်ရခြင်း ဖြစ်ကြောင်းလည်း ဦးဝင်းဌေးက ဆိုသည်။

စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာမှ အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၉ ရက်နေ့ည ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်ရောဂါပိုး ကူးစက်သူ ၃၅၁၁ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly