တရားမဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအား နေရပ်သို့ တရားဝင်ပြန်ပို့မည်

တရားမဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအား နေရပ်သို့ တရားဝင်ပြန်ပို့မည်

ဒီဇင်ဘာ ၁၀

 မြန်မာနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအားနေရပ်သို့ တရားဝင်ပြန်ပို့မည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ဆိုသည်။

ယခုကဲ့သို့ တရားဝင်ပြန်ပို့ရခြင်းမှာ  မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှုမြင့်တက်နေချိန်တွင်တရားမဝင်ခိုးပြန်သည့် ကိစ္စရပ်များမရှိစေရန်အတွက် ထိုင်းနိုင်ငံသားများတရားဝင် နေရပ်ပြန်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများက ဆွေးနွေးသဘောတူခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က " မနေ့ကဆို ၇၂ဦး ကိုစစ်ဆေးတယ်။ အရင်ဆုံး သူတို့ကို တာချီလိတ် ဆေးရုံကိုသတင်းပို့ခိုင်းတယ်။ သတင်းပို့ပြီးတော့ ဆေးရုံမှာစစ်ပြီးတော့မှ negative ဖြစ်တဲ့သူတွေကို ကျွန်တော်တို့က ဒီမှာရှိတဲ့ CNCMC အဖွဲ့တွေ၊ နောက်တခါ လ.ဝ.ကအဖွဲ့တွေနဲ့ စစ်ချက်ယူရပါတယ်။''ဟုပြောသည်။

'' စစ်ချက်ယူပြီးလို့ရှိရင် ဒါတွေကို တရားရုံးကိုတင်ပြ၊ တင်ပြပြီးလို့ရှိရင် လ.ဝ.က ကလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရ လ.ဝ.က ဝန်ကြီးဌာနကို သတင်းပို့ထားပြီးပါပြီ။ ဒီပြည်နှင်ခွင့်အဆင့်ရဖို့အတွက်ပေါ့။ အတတ်နိုင်ဆုံးမနက်ဖြန်ကို လွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်"ဟု၎င်းကဆက်ပြောသည်။

ပြန်လည်ပို့ဆောင်မည့်ထိုင်းနိုင်ငံသား ၇၂ ဦးအား COVID-19 ရောဂါပိုး ရှိ၊မရှိ Test kit ဖြင့် စစ်ဆေးရာတွင် ၄၀ဦးမှာ ရောဂါပိုးမတွေ့ရှိပေမယ့် နှစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကာ ကျန် ၃၀ဦးမှာ ပိုးတွေ့ရှိသူနှစ်ဦးနှင့် ထိတွေ့ဆက်စပ်သူများဖြစ်ကြောင်းသိရသည်။

ထိုပိုးတွေ့ရှိသူနှစ်ဦးအပါအဝင် ၎င်းတို့နှင့်ထိတွေ့ခဲ့သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် လွှဲပြောင်းပေးရန် စီစဉ်ထားသည်။ယခုပြန်လည်ပို့ဆောင်မည့်သူအများစုသည်တာချီလိတ်မြို့သို့လာရောက်အလုပ်လုပ်ကိုင်ကြသော ဟိုတယ်ဝန်ထမ်းများဖြစ်ကြသည်။COVID-19 ကာလအတွင်း တရားမဝင်လာရောက်နေထိုင်သောထိုင်းနိုင်ငံသားများအား တရားဝင်လွှဲပြောင်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းဦးစည်သူမောင်ကဆိုသည်။

"မနက်ဖြန်ဆိုတာ မှီမလား မမှီမလားတော့မသိဘူး။ အထက်ကနေပြီတော့မှ ပြည်နှင်ခွင့်အမိန့်ကို တခါထဲအပြီး။ မနက်ဖြန်မနက်မှာ ဒဏ်ငွေချမှတ်ပြီးတော့ နေ့လည်ပိုင်းလောက်မှာ လွှဲဖို့ အစီအစဉ်ရှိပါတယ်။ ဒဏ်ငွေကတော့ တိတိကျကျပြောလို့မရဘူး။ တရားရုံးပေါ်မူတည်တယ်။ ဒါပေမယ့် တစ်သိန်းထက်တော့မကျော်ဘူးလို့တော့ ကြားတာပေါ့။ ဒဏ်ငွေကတော့ တရားရုံးအစီအစဉ်အရဆိုတော့ ပြောလို့မရဘူး "ဟု ဦးစည်သူမောင်က ဆိုသည်။
ယခုအစီအစဉ်အား အချိန်ကာလသတ်မှတ်ထားခြင်းမရှိဘဲပြန်လည်ပို့ဆောင်ပေးမည်ဖြစ်သည်။ဆေးစစ်သည့်စရိတ်အားကာယကံရှင်များမှအကုန်အကျခံရပြီး ပြန်လည်ပို့ဆောင်မှုကိုတော့ တာချီလိတ်ကနေ နယ်စပ်တံတားထိပ်အထိ မြန်မာအစိုးရ၏အစီအစဉ်ဖြင့်ပို့ဆောင်ပေးမည်ဟုသိရသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်ထဲကို ခိုးပြန်လာခဲ့သည့် ထိုင်း အမျိုးသမီး ခြောက်ဦးတွင် COVID-19ရောဂါပိုး ရှိခဲ့ကြောင်း ထိုင်းနိုင်ငံကျန်းမာရေး အာဏာပိုင်များက ဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံမှ ပြန်လာသူများတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိသောကြောင့် ကျန်းမာရေးအတွက် သတိထားကြရန် ထိုင်းနိုင်ငံက ကျန်းမာရေးပညာရှင်များမှ သတိပေးထားသည်။ဒါ့အပြင် မြန်မာနိုင်ငံတွင် လတ်တလော ကူးစက်နေသည့် ကိုဗစ်ရောဂါပိုး အမျိုးအစားသည် တရုတ်နိုင်ငံတွင် စတင်ခဲ့သည့် ရောဂါပိုးအမျိုးအစားထက် ၂၀ ရာခိုင်နှုန်း မြန်ဆန်ခြင်းကို လေ့လာတွေ့ရှိရကြောင်း ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်က ဆေးပညာဌာန ပါမောက္ခချုပ် Dr Prasit Watanapa ကို ကိုးကားပြီး ထိုင်းသတင်းများတွင် ဖော်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly