ဓာတ်မတည့်သူများ Pfizer ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးသင့်ဟု ဗြိတိန်တွင် အကြံပြု 

ဓာတ်မတည့်သူများ Pfizer ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးသင့်ဟု ဗြိတိန်တွင် အကြံပြု 

ဒီဇင်ဘာ ၁၀

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်‌ဆေး စတင်ထိုးနှံပေးတဲ့ ပထမရက်မှာပဲ လူနှစ်ဦးမှာ ဘေးထွက်ဆိုးကျိုး တုံ့ပြန်မှုတွေ တွေ့ရှိတဲ့နောက်မှာတော့ ဆေးဝါးကွပ်ကဲရေးတာဝန်ရှိသူတွေက ဓာတ်မတည့်တဲ့ ကျန်းမာရေးရာဇဝင်ရှိသူတွေအနေနဲ့ Pfizer နဲ့ BioNTech တို့က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မထိုးနှံသင့်လို့ အကြံပြုလာခဲ့ပါတယ်။ 

အခု ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးဟာ ဘယ်လို သက်ရောက်မှုတွေ ရှိနေတယ်၊ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနေတယ်နဲ့ ဘာတွေ ဖြစ်မလဲဆိုတာ ရိုက်တာက ဆန်းစစ်ဖော်ပြခဲ့ပါတယ်။ 

ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်သလဲ 

ကာကွယ်ဆေး ထိုးနှံပေးချိန်ကစလို့ ကိုယ်ခံစွမ်းအား ကျဆင်းသွားတဲ့ anaphylaxis ဓာတ်တုံ့ပြန်မှု ဖြစ်သူနှစ်ဦးနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်တဲ့ ဘေးထွက်တုံ့ပြန်မှု ဖြစ်သူတစ်ဦးတို့ကို တွေ့ရှိခဲ့ရတယ်လို့ ဗြိတိန်တာဝန်ရှိသူတွေက ပြောပါတယ်။ Anaphylaxis ဟာ လည်ပင်းမှာ အဖုအပိမ့်တွေ ထွက်တာ၊ အသက်ရှုကျပ်တာနဲ့ တံတွေးမျိုချရ ခက်တာတွေ ဖြစ်ပေါ်စေတဲ့ ဓာတ်မတည့်လို့ တုံ့ပြန်မှုဖြစ်တယ်လို့ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကြပ်နှင့် ရောဂါကုထုံးဆိုင်ရာ အမေရိကန်အကယ်ဒမီသိပ္ပံကျောင်းအရ သိရပါတယ်။ Anaphylaxis ဟာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ် အလွန်အကျွံ တုံ့ပြန်မှုပဲ ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး ပြင်းထန်ကာ တစ်ခါတစ်ရံမှာ အသက်အန္တရာယ်ပါ ခြိမ်းခြောက်နိုင်တယ်လို့ ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုက ဖော်ပြထားပါတယ်။ 

ဘယ်သူတွေ ကာကွယ်ဆေး မထိုးနှံသင့်ဘူးလဲ 

ကာကွယ်ဆေးတစ်မျိုးမျိုး၊ ဆေးဝါးတစ်မျိုးမျိုးနဲ့ အစားအစာတစ်မျိုးမျိုးမှာ ဓာတ်မတည့်တာမျိုး တိတိကျကျ ကျန်းမာရေးရာဇဝင်ရှိသူတွေအနေနဲ့ အခု ကာကွယ်ဆေးကို မထိုးနှံသင့်ဘူးလို့ ဗြိတိန်ဆေးဝါးကွပ်ကဲရေးတာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောခဲ့တာပါ။ ဒါပေမယ့် အကြံပြုချက်တစ်ရပ်ကတော့ အဲဒီ အစောပိုင်း ပြောဆိုချက်ဟာ ခြုံငုံအကြံပြုချက်ဖြစ်နေပြီး အစားအစာဓာတ်မတည့်သူတွေအတွက်တော့ အခု ကာကွယ်ဆေးဟာ ဘေးအန္တရာယ်မရှိဘူးလို့ ပြောလာခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းတော့ ဗြိတိန်ဆေးဝါးကွပ်ကဲသူတွေဟာ ကာကွယ်ဆေး၊ ဆေးဝါးနဲ့ အစားအစာတွေမှာ Anaphylaxis ဓာတ်မတည့်မှု ရာဇဝင်ရှိသူ ဘယ်သူမှ အခု ကာကွယ်ဆေးကို မထိုးနှံသင့်ဘူးလို့ အကြံပြုပြောဆိုလာပါတယ်။ 

Pfizer ကုမ္ပဏီဟာ ၎င်းရဲ့ ကာကွယ်ဆေးကို နောက်ဆုံးအဆင့် စမ်းသပ်ရာမှာ ကာကွယ်ဆေးတွေနဲ့ ကာကွယ်ဆေးတွေမှာ ပါဝင်တဲ့ အရာတွေနဲ့ တကယ်ပဲ ဓာတ်မတည့်မှု ရာဇဝင်ရှိသူတွေကို ခြွင်းချန်ထားခဲ့တာ ဖြစ်ပါတယ်။ 

ကာကွယ်ဆေးဓာတ်မတည့်မှု ပြဿနာက အမေရိကန်မှာ ဘယ်လို ရိုက်ခတ်မလဲ 

အမေရိကန်က တာဝန်ရှိသူတွေဟာ အကြံပေးအဖွဲ့အစည်းအဝေးအပြီးမှာ မကြာမီမှာပဲ Pfizer ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ချပေးဖို့ စဉ်းစားလာဖို့ ရှိနေပါတယ်။ 

အမေရိကန်အစိုးရ ကာကွယ်ဆေး ထုတ်လုပ်ရေးလုပ်ငန်းစဉ်အဖွဲ့ အကြီးအကဲ မွန်ဆက်စလောက်အီက ဗြိတိန်မှာ ဖြစ်နေတဲ့ ကာကွယ်ဆေး ဓာတ်မတည့်တဲ့ တုံ့ပြန်ချက်တွေကို အမေရိကန်မှာ ဆေးဝါးကို အတည်ပြုတဲ့ လုပ်ငန်းစဉ်မှာပဲ ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ပြင်းပြင်းထန်ထန် ဓာတ်မတည့်မှု ရှိသူတွေအနေနဲ့ ပိုပြီး စမ်းသပ်စစ်ဆေးမှုတွေ မလုပ်ဆောင်မပြီးမချင်း ကာကွယ်ဆေးကို မထိုးနှံပေးသင့်ဘူးလို့လည်း ဆိုပါတယ်။ 

ဆရာဝန်တွေ ဘာပြောကြလဲ 

ဗြိတိန်ဆေးဝါးကွပ်ကဲသူတွေရဲ့ သတိပေးအကြံပြုချက်ကို ဆရာဝန်အချို့က ချီးကျူးပေမယ့် အချို့ကတော့ ရထားတဲ့ သက်သေအချက်အလက်တွေဟာ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်တာမျိုးအတွက် လုံလောက်လောက်အောင် မရှိဘူးလို့ ပြောကြပါတယ်။ 

“အခု ထွက်ပေါ်တဲ့ ဓာတ်မတည့်မှု ဖြစ်တဲ့ နှုန်းထားအတွက်တော့ ဒီကာကွယ်ဆေးကို ထိုးနှံရာမှာ စိုးရိမ်ရလောက်အောင် အနေအထားမျိုးတော့ မဟုတ်ဘူး။”လို့ London Schoole of Hygiene & Tropical Medicine မှ စမ်းသပ်ဆေးဝါး အချက်အလက် ဆန်းစစ်ရေးပညာရှင် ပါမောက္ခ စတီဗင်အီဗန့်စ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly