ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဇနီးအပါအဝင် အနီးကပ်ထိတွေ့ခဲ့သူ ငါးဦးတွင် ကိုဗစ်ပိုးတွေ့

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဇနီးအပါအဝင် အနီးကပ်ထိတွေ့ခဲ့သူ ငါးဦးတွင် ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာ ၉၊ ရန်ကုန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်ဇနီး အပါအဝင် ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူ ငါးဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း တောင်ဥက္ကလာပအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက  မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ မြို့တော်ဝန်၏ အနီးကပ်ကိုယ်ရေးအရာရှိနှင့် နေအိမ်ခြံမှ အလုပ်သမား၂ ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး မြို့တော်ဝန်၏ ဇနီးဖြစ်သူတွင်လည်း ပိုးတွေ့ရှိရသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ဒေါက်တာဝင်းမော်ဦးက “အခု ဒီမှာ တက်တာက မြို့တော်ဝန်အပါအဝင် လေးယောက်ပါ။ သူ့ PSO ရယ်၊ နောက် တစ်ခြားခြံထဲကလူ ၂ ယောက်ပါ။ ဇနီးလည်း အခုပိုးတွေ့တယ်ဆိုလို့ လာလိမ့်မယ်” ဟု ပြောသည်။

မြို့တော်ဝန် ဦးမောင်မောင်စိုးတွင် သွေးတိုး၊ ဆီးချိုရောဂါအခံများရှိသော်လည်း လက်ရှိအချိန်တွင် ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်းလည်း ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက ပြောသည်။

“အားလုံးကတော့ အခြေအနေကောင်းကြပါတယ်။ မြို့တော်ဝန်ကတော့ ဆီးချို၊ သွေးတိုးရောဂါအခံတွေရှိပေမယ့် မစိုးရိမ်ရပါဘူး။ ကျန်းမာရေးအခြေအနေကောင်းပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ မြို့တော်ဝန် ဦးမောင်မောင်စိုးသည် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဈေးများအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းများဆောင်ရွက်စဉ် နေထိုင်မကောင်းသောကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့က ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

 မြို့တော်ဝန်ဦးမောင်မောင်စိုးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် အနီးကပ်ထိတွေ့ခဲ့သူများ၊ အဆင့်ဆင့်ထိတွေ့ခဲ့သူများနှင့် ပတ်သက်ပြီး Contact Tracing လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် ထိတွေ့မှုရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်ရန် စီစဉ်ထားမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအချို့ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အချို့မှာ လက်ခံဖြေကြားခြင်းမရှိသကဲ့သို့ အချို့က ၎င်းတို့အနေဖြင့် အတည်ပြုဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly