အရှေ့တောင်အာရှ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးရာ အချက်အခြာဖြစ်ရေး စင်ကာပူ ကြိုးပမ်း

အရှေ့တောင်အာရှ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးရာ အချက်အခြာဖြစ်ရေး စင်ကာပူ ကြိုးပမ်း

ဒီဇင်ဘာ ၉

စင်ကာပူနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးရာ၌ အရှေ့တောင်အာရှ၏ အချက်အခြာဖြစ်လာရေး ကြိုးပမ်းနေကာ သိုလှောင်မှု အအေးခန်းများ မြှင့်တင်တည်ဆောက်နေပြီး စီမံကိန်းကို ကွပ်ကဲမည့် လုပ်ငန်းစဉ်အဖွဲ့တစ်ရပ်ကိုပါ ဖွဲ့စည်းထားပြီ ဖြစ်သည်။

အဆိုပါ Changi Ready Task Force အဖွဲ့အား စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့နှင့် ချန်ဂီလေဆိပ်အော်ပရေတာ Changi Airport Group တို့အပါအဝင် ကုမ္ပဏီနှင့် အဖွဲ့အစည်းအုပ်စု ၁၈ ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယင်း အဖွဲ့၏ လုပ်ငန်းစဉ်မှာ လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းနယ်ပယ်တစ်ရပ်လုံးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြင့်တင့်ရန် ရည်ရွယ်ချက်နှင့်အတူ သယ်ပို့လုပ်ငန်းများ လွယ်ကူချောမွေ့အောင် အဆင့်မြှင့်တင်ရေးနှင့် ကိုဗစ်-၁၉ ဆေးဝါး ဖြန့်ဖြူးမှု လုပ်ငန်းစဉ် ချောမွေ့စေရေးတို့ ဖြစ်သည်။

ကပ်ဘေးပျံ့နှံ့မှု တားဆီးရေးအတွက် နယ်နမိတ်များ ပိတ်ထားခြင်းကြောင့် လေကြောင်းသွားလာမှု ရှားပါးနေမှုကို ရင်ဆိုင်နေရသည့် ပြည်တွင်းလေကြောင်းလိုင်းများအတွက် ကာကွယ်ဆေးအား လေယာဉ်များဖြင့် သယ်ယူခြင်းက အကူအညီဖြစ်စေမည် ဖြစ်သည်။ ထိုအပြင် ကာကွယ်ဆေး သယ်ယူဖြန့်ဖြူးမှု လုပ်ငန်းစဉ်နှင့် တစ်ပါတည်း ခရီးသည်များကိုပါ တင်ဆောင်ပြန်လည်ပို့ဆောင်ခြင်းများကိုပါ ဆောင်ရွက်သွားရန်လည်း ပါဝင်သည်။

မကြာသေးသည့် နှစ်များအတွင်း၌ ချန်ဂီလေဆိပ်သည် ဆေးဝါးပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများ၏ အဓိကရင်းမြစ်ဖြစ်လာခဲ့သည်။ ကုမ္ပဏီများကလည်း ချန်ဂီလေဆိပ်ရှိ လွတ်လပ်စွာ ဆေးဝါးသယ်ယူပို့ဆောင်ရေးနယ်ပယ်အတွင်း ငွေလုံးငွေရင်းများ စိုက်ထုတ်ထားကြသည်။

ချန်ဂီလေဆိပ်အနေဖြင့် အမေရိကန်နှင့် ဥရောပကဲ့သို့သော ဒေသများမှ ရောက်ရှိလာမည့် ကာကွယ်ဆေးများ ဖြန့်ဖြူးရေးတွင် အဓိကမဏ္ဍိုင်နေရာမှ ဆောင်ရွက်သွားမည် ဖြစ်သည်။ ဈေးကွက်သို့ မကြာမီ ရောက်ရှိလာမည့် ကာကွယ်ဆေးနှစ်မျိုးသည် သိုလှောင်ရာတွင် အလွန်အေးသော အအေးခန်းများတွင် ထားရှိရန် လိုအပ်သည်။ Pfizer နှင့် BioNTech ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သော ကာကွယ်ဆေးသည် အနုတ် ၉၀ ဒီဂရီဆဲလ်စီးရပ်စ်နှင့် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးမှာ အနုတ် ၂၀ ဒီဂရီဆဲလ်စီးရပ်စ်တွင် သိုလှောင်ထားရှိရန် လိုအပ်ခြင်း ဖြစ်သည်။

ထို ရောက်ရှိလာမည့် ကာကွယ်ဆေးများအား အရှေ့တောင်အာရှနှင့် အိုရှန်နီးယားဒေသနိုင်ငံများသို့ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း Changi Airport Group အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly