စင်ကာပူအပျော်စီးသင်္ဘောပေါ် ကိုဗစ်-၁၉ ကူးစက်မှု တွေ့ပြီး ခရီးသည်များ သင်္ဘောအခန်းများတွင်သာ နေနေကြရ 

စင်ကာပူအပျော်စီးသင်္ဘောပေါ် ကိုဗစ်-၁၉ ကူးစက်မှု တွေ့ပြီး ခရီးသည်များ သင်္ဘောအခန်းများတွင်သာ နေနေကြရ 

ဒီဇင်ဘာ ၉ 

စင်ကာပူမှ ခရီးစဉ်ထွက်ခွာခဲ့သည့် Royal Caribbean ကုမ္ပဏီ၏အပျော်စီးသင်္ဘောတစ်စင်းပေါ်တွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဉ်တစ်ခု တွေ့ရှိခဲ့ပြီးနောက် အဆိုပါ သင်္ဘောနှင့်အတူ  “ဘယ်မှ မရောက်သော အပျော်စီးသင်္ဘောခရီးစဉ်- cruise-to-nowhere” တွင် လိုက်ပါခဲ့ကြသည့် ခရီးသည် ၁,၇၀၀ နီးပါးခန့်သည် ဒီဇင်ဘာ ၉ ရက်တွင် သင်္ဘောပေါ်ရှိ ၎င်းတို့၏ အခန်းများထဲတွင်သာ နေကြရန် ညွန်ကြားခံထားရသည်။ 

ယခုကဲ့သု့ိ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်လည်း အဆိုပါ Quantum of the Seas သင်္ဘောသည် စင်ကာပူဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ်ခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။ 

အဆိုပါ အပျော်စီးသင်္ဘော ခရီးစဉ် ပြီးခဲ့သည့် တနင်္လာနေ့က စတင်မှု မတိုင်ခင် သုံးရက်အကြာအထိ ခရီးသည်အားလုံးသည် ကိုဗစ်-၁၉ အတွက် PCR (polymerase chain reaction) နည်းပညာဖြင့် စစ်ဆေးမှု ခံယူထားခဲ့ကြကြောင်း စင်ကာပူ ခရီးသွားဘုတ်အဖွဲ့ (STB) က ပြောသည်။ 

ကူးစက်ခံရသည့် ခရီးသည် သည် အသက် ၈၃ နှစ်ရှိ အမျိုးသားကြီးတစ်ဦးဖြစ်ပြီး ၎င်းသည် ဝမ်းလျှောမှု ခံစားရကြောင်း သင်္ဘောပေါ်မှ ဆေးကုသမှု စင်တာထံ သတင်းပို့အကြောင်းကြားခဲ့သည်။ ကူးစက်မှုနှင့်ပတ်သက်၍ သင်္ဘောပေါ်ရှိ အခြားသူများကိုလည်း ဒီဇင်ဘာ ၉ ရက်အစောပိုင်းတွင် ပြောပြထားခဲ့သည်။ 

ကူးစက်ခံ ဧည့်သည်နှင့် အနီးကပ် ထိတွေ့ဆက်ဆံခဲ့သည့် ဧည့်သည်အားလုံးနှင့် သင်္ဘောအမှုထမ်းများသည် နောက်ပိုင်းတွင် ဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိဟု စစ်ဆေးသိရှိထားကြောင်း Royal Caribbean နှင့် STB တို့က ပြောသည်။ 

ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ ဖော်ထုတ်ခြင်း (contact tracing) လုပ်ငန်းစဉ် မပြီးမချင်း ခရီးသည်များနှင့် အမှုထမ်းများ သင်္ဘောပေါ်ရှိ ၎င်းတို့၏ အခန်းများတွင် ဆက်လက်နေထိုင်ကြရမည်ဖြစ်ကြောင်း STB မှ အပျော်စီးသင်္ဘောဆိုင်ရာ ညွန်ကြားရေးမှူး အန်နီ ချန်းက ပြောသည်။ 

၎င်းတို့သည် သင်္ဘောဆိပ်မှ မထွက်ခွာမီ မလုပ်မနေရ ကိုဗစ်-၁၉ စစ်ဆေးမှု အားလုံးကို ခံယူကြရမည်ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် ၎င်းတို့ထံ ပုံမှန် သတင်းအချက်အလက်များ ပေးပို့ပေးနေပြီး အစားအသောက်များကိုလည်း ၎င်းတု့ိ၏ အခန်းများဆီ တိုက်ရိုက်ပို့ပေးနေကြောင်း သိရသည်။ 

Royal Caribbean ၏ “cruise-to-nowhere” ခရီးစဉ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုမ္ပဏီဘက်က မတ်လတွင် ကမ္ဘာတဝန်း လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားခဲ့ရပြီးနောက်ပိုင်း ပထမဆုံး ခုတ်မောင်းပြေးဆွဲမှုများထဲမှ တစ်ခုဖြစ်သည်။ သင်္ဘောပေါ်တွင် ဧည့်သည် ၁,၆၈၀ ဦးနှင့် အမှုထမ်း ၁,၁၄၈ ဦး ပါရှိကြောင်း Royal Caribbean မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly