ကယားတွင် ကွာရန်တင်း ဝင်နေသည့် အလုပ်သမား ၁၇ ဦး ကိုဗစ်ပိုးတွေ့

ကယားတွင် ကွာရန်တင်း ဝင်နေသည့် အလုပ်သမား ၁၇ ဦး ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာလ ၈၊ ၂၀၂၀

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံ ကွာရန်တင်း စင်တာသို့ ဝင်နေသည့် ပြည်နယ် ပြင်ပမှလာသူ လမ်းအလုပ်သမားနှင့် ဆောက်လုပ်ရေးလုပ်သား ၁၇ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောသည်။

အဆိုပါ ကွာရန်းတင်းစင်တာသို့ ဝင်နေသူ လူဦးရေ ၇၀ ကျော်ကို ရလဒ်အမြန်ထွက်သည့် RDT Test Kit များဖြင့် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ဌေးလွင်က “test kit နဲ့ စစ်တာပေါ့။ သူတို့လာတဲ့လူတွေ ကွာရန်တင်းထားပြီးတော့ စစ်တယ်။ ပုံမှန် အားဖြင့် စစ်တာပဲလေ။ စစ်လိုက်တဲ့အခါကျတော့ ဒီနေ့ ၇၀ ကျော် စစ်တဲ့ထဲက ၁၇ ယောက် ပိုးတွေ့တယ်။ အလုပ်သမားတွေပဲ” ဟု ပြောသည်။

ပို့တွေ့ရှိသူများသည် ကယားပြည်နယ်အတွင်း လမ်းအလုပ်သမားနှင့် ဆောက်လုပ်ရေး အလုပ်သမားများအဖြစ် လာရောက်လုပ်ကိုင်သူများ ဖြစ်ကြောင်း သိရှိရပြီး ဒီဇင်ဘာလ ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် စတင်၍ ကွာရန်တင်း စင်တာသို့ ဝင်နေသူများ ဖြစ်ကြောင်း သိရသည်။

 

“ဒီလူတွေက ပိုးတွေ့တာပဲရှိတယ်၊ လူတွေက ကောင်းနေတယ်။ လတ်တလောက သူတို့ ဘာမှ အန္တရာယ်မရှိဘူး။ ဒီထက် ရောဂါအခြေအနေ ဆိုးလာရင် လွိုင်ကော်ဆေးရုံကြီးကို ပြောင်းပို့မယ်။ ဒီလူတွေ ရောဂါလက္ခဏာ ပြ၊ မပြ စောင့်ကြည့်နေမယ်” ဟု ဒေါက်တာ ဌေးလွင်က ဆိုသည်။

လတ်တလော ပိုးတွေ့လူနာ ၁၇ ဦးတို့ကို ဒီမော့ဆိုမြို့နယ် တိုင်းရင်းဆေးရုံတွင် သီးခြား ကုသပေးထားကြောင်း သိရသည်။ ပိုးတွေ့လူနာ အများစုသည် ပဲခူးမြို့မှ ဖြစ်ကြပြီး ကယားပြည်နယ်၊ ရှားတောမြို့ စည်ပင်သာယာရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကုမ္ပဏီမှ ခေါ်ဆောင်လာကြောင်း သိရသည်။

ကယားပြည်နယ်သည် ယခင်က နိုင်ငံအတွင်း တစ်ခုတည်းသော ကိုဗစ်ကင်းစင် ပြည်နယ်အဖြစ် ရပ်တည်ခဲ့သော်လည်း ကွာရန်တင်း ဝင်ရောက်နေသူများကို စစ်ဆေးချက်အရ အောက်တိုဘာ လလယ်ခန့်မှ စတင်၍ ယနေ့ ညနေ ၅ နာရီ အချိန်အထိ ပိုးတွေ့လူနာ စုစုပေါင်း ၄၅ ဦး ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required