ဗစ်တိုးရီးယားအမှု စွပ်စွဲခံရသူ ကိုအောင်ကြီးက ရဲတပ်ဖွဲ့ကို နစ်နာမှုအတွက် တရားစွဲ 

ဗစ်တိုးရီးယားအမှု စွပ်စွဲခံရသူ ကိုအောင်ကြီးက ရဲတပ်ဖွဲ့ကို နစ်နာမှုအတွက် တရားစွဲ 

နေပြည်တော်၊ ဒီဇင်ဘာ ၈၊ ၂၀၂၀ 

ဗစ်တိုးရီးယားအမှုတွင် တရားခံအဖြစ် စွပ်စွဲခံရသူ ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် တရားမ နစ်နာမှုအတွက် တရားစွဲလိုက်ကြောင်း တရားလိုရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ 

အမှုကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် အဆိုလွှာ တင်သွင်းစွဲဆိုထားခြင်းဖြစ်ပြီး တရားရုံးက အမှုကိုလက်ခံကာ တရားမကြီးမှုအဖြစ် သတ်မှတ်ကြားနာမည်ဖြစ်ကြောင်း၊ ခရိုင်တရားသူကြီး၏ တရားခွင်တွင် ဒီဇင်ဘာ ၁၈ ရက်နေ့၌ ယင်း “အဆိုလွှာကို စိစစ်ရန်” ဟု ချိန်းဆိုထားကြောင်း သိရသည်။ 

မမှန်မကန် တရားစွဲဆို ချုပ်နှောင်ခံရသည့်အတွက် လျော်ကြေးနှင့် နစ်နာကြေး ငွေ ကျပ်သိန်း ငါးထောင်တိတိရလိုမှုဟု စွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ 

နေပြည်တော် Winsdom Hill မူကြိုကျောင်းမှ မူကြိုကလေးငယ် ဗစ်တိုးရီးယားသည် ၂၀၁၉ ခုနှစ်၊ မေလ အတွင်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရမှုအတွက် သံသယတရားခံ အဖြစ် ယာဉ်မောင်း ကိုအောင်ကြီးကို ရဲတပ်ဖွဲ့က တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် ကိုအောင်ကြီး အနေဖြင့် အမှုအား ကျူးလွန်နိုင်ခြင်း မရှိကြောင်း သုံးသပ်ကာ ဒက္ခိဏခရိုင် တရားရုံး တရားသူကြီးက တရားရှင် လွတ်ပေးခဲ့သည့်အမှု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly