နိုဝင်ဘာ ၁၉၊ ရန်ကုန်။ ။ ၂၀၁၅မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် အသင်း၏အဓိကကစားသမား နှစ်ဦးဖြစ်သော ဘရာဇီးတိုက်စစ်မှူး ဆီဇာ၊ ဘရာဇီးကွင်းလယ်ကစားသမား အီမာဆင် တို့ကို စာချုပ်သက်တမ်း တိုးမြှင့်တော့မည်မဟုတ်ပဲ လမ်းခွဲခဲ့ပြီဖြစ်သည်။
ဘရာဇီးတိုက်စစ်မှူး ဆီဇာမှာ ၂၀၁၂ဘောလုံးရာသီမှ ၂၀၁၅ဘောလုံးရာသီအထိ ရန်ကုန်အသင်းတွင် လေးရာသီဆက်ကစားခဲ့ပြီး ပွဲပေါင်း ၁၀၀တွင် သွင်းဂိုး ၁၀၅ဂိုးအထိရခဲ့သည်။
ထို့အပြင် ဘရာဇီးကွင်းလယ်ကစားသမား အီမာဆင်မှာလည်း ရန်ကုန်ယူနိုက်တက်အသင်းတွင် ၂၀၁၄ နှင့် ၂၀၁၅ ဘောလုံးရာသီ နှစ်ရာသီအတွင်း ပွဲပေါင်း ၄၇ပွဲတွင် သွင်းဂိုး ၂၅ ဂိုးသွင်းနိုင်ခဲ့သည်။
“အီမာဆင်နဲ့ဆီဇာက နည်းပြဂျက်ဆစ်ကိုင်တွယ်နေတဲ့ ဆားဘီးယားကလပ်အသင်းကို ပြောင်းမှာပါ။ အသင်းက စာချုပ်သက်တမ်းတိုးဖို့ ညှိုနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် ရာသီသစ်အတွက် နိုင်ငံခြားသားကစားသမားသစ်တွေ ရှာဖွေမှာပါ။”ဟု ရန်ကုန်အသင်းအတွင်းရေးမှူး ဦးကျော်လင်းထွေးကပြောသည်။
ရန်ကုန်အသင်းသည် လာမည့်နှစ်ဘောလုံးရာသီအတွက် နည်းပြချုပ်အဖြစ် မနောမြေနည်းပြဟောင်း ဘရာဇီးလူမျိုးနည်းပြ အီမာဆင်ကို စာချုပ်ခေါ်ယူထားပြီး ဘရာဇီးတိုက်စစ်မှူး ဒေါ့စ်ဆန်းတို့စ်ကိုလည်း ခေါ်ယူထားသည်။