ဒီဇင်ဘာ ၅၊ ၂၀၂၀
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ 1G1-7 ဇိမ်ခံဟိုတယ်သည် ထိုင်းအမျိုးသမီးဝန်ထမ်းနှင့် တည်းခိုသူ ၁၀ ဦးကျော် ကိုဗစ်ရောဂါ ကူးစက်ခံရသည့် အဓိကနေရာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
ဖျော်ဖြေရေးနှင့် တွဲဖက်ထားသည့် အဆိုပါ ဇိမ်ခံဟိုတယ်သည် ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင် နယ်စပ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဂိတ်မှ ၁ ကီလိုမီတာခွဲသာ ကွာဝေးသည်။ ဖွင့်လှစ်ခဲ့သည်မှာ လေးနှစ်ကျော် ကြာပြီဖြစ်သည့် အဆိုပါ ဟိုတယ်သည် တာချီလိတ်မြို့တွင် အကြီးဆုံး အပန်းဖြေနေရာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဖျော်ဖြေရေးမျိုးစုံရှိသည့် ယင်းဟိုတယ်ကို ချမ်းသာသူများ အများဆုံး လာရောက်တည်းခိုကြောင်း၊ ဟိုတယ်တွင် ခန့်ထားသည့် ထိုင်းအမျိုးသမီး ဝန်ထမ်းများသည်လည်း ဧည့်သည်များအကြား ရေပန်းစားကြောင်း သိရသည်။
အထပ်လေးထပ်ရှိ ယင်းဟိုတယ်တွင် အခန်း ၁၀၀ ပါဝင်ပြီး တည်းခိုခမှာ တစ်ရက်လျှင် ထိုင်းဘတ်ငွေ ၁,၂၀၀ (ကျပ် ၅၀,၀၀၀ ကျော်) မှ ၁၀,၀၀၀ (ကျပ် ၄၃၀,၀၀၀ ကျော်) အထိ ရှိကြောင်း သိရသည်။
မြေညီထပ်တွင် အရက်ဘားနှင့် ဒစ္စကိုကလပ်ရှိပြီး လူ ၁,၀၀၀ ခန့် ဆံ့ကြောင်း၊ ဒုတိယထပ်တွင် VIP ကာရာအိုကေခန်း ၂၀ ကျော်ရှိပြီး တစ်နာရီလျှင် ဘတ် ၅၀၀ (ကျပ် ၂၁,၀၀၀ ကျော်) မှ ၂,၀၀၀ (ကျပ် ၈၇,၀၀၀ ကျော်) အထိ ပေးရကြောင်းလည်း သွားရောက်ဖူးသူ တစ်ဦးက ဘန်ကောက်ပို့စ်သို့ ပြောထားသည်။
တာချီလိတ်မြို့တွင် ကိုဗစ်ရောဂါ ဖြစ်ပွားလာသောကြောင့် ဟိုတယ်မှ ထိုင်းဝန်ထမ်းများသည် ကွာရန်တင်း ၁၄ ရက် ဝင်ရမည်စိုးသဖြင့် ထိုင်းနိုင်ငံသို့ ခြေလျင်လမ်းကြောင်းမှ ပြန်ခိုးဝင်လာခဲ့ကြသည်။
ဟိုတယ်မှ ထိုင်းနိုင်ငံသို့ ပြန်ခိုးဝင်လာသော အမျိုးသမီးတစ်ဦးသည် ချင်းရိုင်ပြည်နယ်မှ ချင်းမိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာ 1G1-7 ဟိုတယ်နှင့် ဆက်စပ်၍ ကိုဗစ်ရောဂါ ကူးစက်သူ ၁၇ ဦးအထိ မြင့်တက်လာခဲ့သည်။
1G1-7 ဟိုတယ်နှင့် ဆက်စပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ အမှန်တကယ် မည်မျှရှိသည်ကို မသိရသေးပေ။
ဟိုတယ်ကို ရင်းနှီးမြှုပ်နှံသူများတွင် ထိုင်း၊ မြန်မာနှင့် တရုတ်တို့ ပါဝင်ပြီး ကြားဇုန်အဖြစ် လူသိများသည်။ ဟိုတယ်ကို ရင်းနှီးမြှုပ်နှံသူများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုက အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။
1G1-7 ဟိုတယ်၏ Facebook စာမျက်နှာတွင် ကိုဗစ်ရောဂါ ကုသပေးနေသည့် နေရာများနှင့် ကွာရန်တင်းစင်တာမျာသို့ အစားအစာ လှူဒါန်းခြင်း၊ စောင်နှင့် ခေါင်းအုံး လှူဒါန်းခြင်း၊ ဆေးရုံဝင်းကို ပြုပြင်ပေးခြင်း စသည့် ပရဟိတလုပ်ဆောင်ပေးမှုများကို တင်ထားသည်။
1G1-7 ဟိုတယ်မိသားစုက တာချီလိတ်မြို့တွင် ကိုဗစ်ကူးစက်ခံရသည့် လူနာများ အောက်စီဂျင်စက် လိုအပ်ပါက အသုံးပြုရန် ကျပ် ၄၅ သိန်း တန်ဖိုးရှိ အောက်စီဂျင်စက်တစ်လုံး လှူဒါန်းကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က Facebook တွင် တင်ထားသည်ကိုလည်း တွေ့ရသည်။