အမေရိကန်ဝက်သား တင်သွင်းခွင့်ပြုမယ့်အပေါ် တိုင်ပေပါလီမန်အတွင်း ဝက်ကလီစာတွေနဲ့ပစ်ပေါက်ဆန္ဒပြ 

အမေရိကန်ဝက်သား တင်သွင်းခွင့်ပြုမယ့်အပေါ် တိုင်ပေပါလီမန်အတွင်း ဝက်ကလီစာတွေနဲ့ပစ်ပေါက်ဆန္ဒပြ 
Photo - AFP

နိုဝင်ဘာ ၂၈  

အမေရိကန်ကနေ ဝက်သားတင်သွင်းမှုကန့်သတ်ချက်ကို ဖြေလျှော့ပေးမယ်ဆိုတဲ့ တိုင်ပေအစိုးရရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ အတိုက်အခံအမတ်တွေက သောကြာနေ့တုန်းက ပါလီမန်အတွင်းမှာ  ဝက်ကလီစာတွေနဲ့ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

တိုင်ပေရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပါလီမန်အတွင်းမှာ ပြိုင်ဘက်အမတ်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေကို မကြာခဏမြင်တွေ့ရလေ့ရှိပေမယ့် သေကြာနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကတော့ တမူထူးခြားနေပါတယ်။ 

အတိုက်အခံကူမင်တန် (KMT) ပါတီအမတ်တွေက ငြင်းခုံဆွေးနွေးနေကြတဲ့ပါလီမန်အတွင်းက ကြမ်းပြင်ပေါ်  ပုံးတွေထဲထည့်လာတဲ့ ဝက်ကလီစာတွေကို စုပုံခဲ့ကြပြီးတဲ့နောက် ပြိုင်ဘက်အမတ်တွေကို ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။ 

ရက်တိုပါမင်း (Ractopamine) ဖြည့်စွက်စာကျွေးပြီးမွေးမြူထားတဲ့ အမေရိကန်ဝက်သားတွေကို ဇန်နဝါရီ ၁ ရက်ကစပြီး တင်သွင်းခွင့်ပြုတော့မယ်လို့ တိုင်ပေအစိုးရက မကြာသေးမီက ကြေညာခဲ့တာဖြစ်ပါတယ်။  

ရက်တိုပါမင်းဟာ အဆီပါဝင်မှုနည်းစေပေမယ့် ဥရောပသမဂ္ဂနဲ့ တရုတ်တို့လိုနေရာမျိုးတွေမှာ တားမြစ်ထားတာဖြစ်ပါတယ်။ 

အမေရိကန်ရဲ့ ဝက်သားနဲ့ အမဲသားတင်ပို့မှုအပေါ် တားမြစ်ထားတာဟာ အမေရိကန်-တိုင်ပေ ကုန်သွယ်ရေးသဘောတူ စာချုပ် ချုပ်ဆိုဖို့အတွက် အတားအဆီးဖြစ်နေတယ်လို့ ဝါရှင်တန်က တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။  

တိုင်ပေသမ္မတ ဆိုင်ယင်ဝမ်နဲ့ ပါလီမန်အတွင်းနေရာအများစုရယူထားတဲ့ သူမရဲ့ ဒီမိုကရက်တစ်ပါတီကတော့ အခုလို ကန့်သတ်ချက်တွေဖြေလျှော့လိုက်တာဟာ တိုင်ပေ-အမေရိကန် ကုန်သွယ်ရေးသဘောတူညီမှုအတွက် လမ်းပွင့်သွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ 

ဒါပေမယ့် တိုင်ပေပြည်သူအများစုက အမေရိကန် ဝက်သားတင်သွင်းမှုကို ဆန့်ကျင်နေကြပြီး ကူမင်တန်ပါတီကလည်း ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးတဲ့နောက် အဆိုပါပြဿနာကို လက်မလွှတ်တမ်း အသုံးချနေတာဖြစ်ပါတယ်။ 

ပါလီမန်အတွင်းမှာ ဝက်ကလီစာတွေနဲ့ ပစ်ပေါက်ရတာစိတ်မကောင်းဖြစ်ပေမယ့် ခုလိုလုပ်မှ ဒီပြဿနာကို မီးမောင်းထိုးပြရာရောက်မှာလို့ ကူမင်တန်ပါတီအမတ် Lin Wei-chou က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း နှစ်ပတ်လည်အလုပ်သမားစုဝေးပွဲမှာ လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပြီး ဝက်သားတင်သွင်းမှုကိုဆန့်ကျင်တာက အဓိကအကြောင်းအရာအနေနဲ့ ပါဝင်ခဲ့ပါတယ်။  

တိုင်ပေရဲ့ အင်အားကြီးမားတဲ့ ပြည်တွင်းဝက်သားထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်ကလည်း အမေရိကန်ရဲ့ ယှဉ်ပြိုင်မှုကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ 

ဒီမိုကရက်တစ်ပါတီ (DPP) ဟာ အတိုက်အခံပြုလုပ်စဉ်ကလည်း Ractopamine  ကို အပြင်းအထန်ကန့်ကွက်ခဲ့ကြတာကြောင့် ကူမင်တန်တွေက ဒီမိုကရက်တစ်တွေကို သူတော်ကောင်းယောင်ဆောင်တဲ့ ကြောင်သူတော်လို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly