ကိုဗစ်ကြောင့်နိုင်ငံခြားခရီးသွားဧည့်သည် ၇၅ ရာခိုင်နှုန်းကျဆင်း

ကိုဗစ်ကြောင့်နိုင်ငံခြားခရီးသွားဧည့်သည် ၇၅ ရာခိုင်နှုန်းကျဆင်း

နိုဝင်ဘာ ၂၇ ရက်၊ ၂၀၂၀ ပြည့်နှစ်

YANGON- မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ၇၅ % အထိကျဆင်းသွားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလ (၁၀ လအတွင်း) နိုင်ငံခြားခရီးသွားဧည့်သည် သုံးသန်းခွဲကျော် (၃၅၂၃၇၈၄) ဝင်ရောက်ခဲ့သည်။ ၂၀၂၀ခုနှစ် ၁၀ လအတွင်းမှာခရီးသွား ကိုးသိန်းနီးပါး(၈၇၇၄၇၉) ဝန်းကျင်သာ ရောက်ရှိခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှု နှစ်သန်းခွဲကျော်(၂၆၄၆၃၀၅) ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ခရီးသွားကျဆင်းသွားသည်နှင့်အမျှ ခရီးသွားလုပ်ငန်းများ၏ ဝင်ငွေသည်လည်း ၈၁ % အထိ ကျဆင်းသွားကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ ခရီးသွားဆက်စပ်လုပ်ငန်းများဖြစ်သော နိုင်ငံတကာလေကြောင်းလိုင်းများ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ၊ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၊ တည်းခိုနေထိုင်ရေး လုပ်ငန်းဝင်ငွေရရှိမှုများ ၂၀၁၉ က အမေရိကန်ဒေါ်လာ  သန်းသုံးထောင်နီးပါး(၂၈၁၈.၇၅၃)ရှိခဲ့ရာက ၂၀၂၀ တွင် သန်းငါးရာကျော်သာ ရရှိခဲ့သည်။ ဝင်ငွေ သန်း နှစ်ထောင်ကျော် (-၂၂၇၅.၅၉၉)ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာလေကြောင်းလိုင်းများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၈၃ သန်းအထိရရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုမြင့်လာသော ၂၀၂၀ ခုနှစ်မှာတော့ ၂၂၇ သန်းထိကျဆင်းသွားခဲ့ပါသည်။ အလားတူတည်း ခိုနေထိုင်ရေးကဏ္ဍတွင်တော့ ဒေါ်လာ ၆၇၆ သန်းရရှိခဲ့ရာမှသည် ၂၀၂၀ တွင် သန်း ၁၃၀ သန်းထိ ကျဆင်းသွားသည်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၈၄၆ ဦးရှိပြီး နေ့စဉ်အတည်ပြုလူနာ တစ်ထောင်ကျော်ဝန်းကျင်ရှိတာကို ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရ သိရသည်။ ကူးစက်မှုမြင့်မားနေသေး၍ နိုင်ငံတော်အစိုးရကလည်း ခရီးသွားလုပ်ငန်းဖြစ်သော နိုင်ငံတကာလေကြောင်းလိုင်းများကိုလည်း နိုဝင်ဘာလအထိဖွင့်ပေးထားခြင်းမရှိသေးပါဘူး။

မကြာသေးခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုပြောကြားသည့်မိန့်ခွန်းတွင်တာ့ NLD အစိုးရအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည်ဖွင့်လှစ်ဖို့ စဉ်းစားနေတာရှိနေသည်ဟု  ပြောဆိုထားသည်။

 ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) က ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာအနှံ့ကိုသွားရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားဦးရေ ၇၀ % ထိကျဆင်းနိုင်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၇၃၀ ဘီလီယံခန့် ဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly