မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအနက် COVID-19 ကြောင့် ၂ ဦးသေ၊ ကူးစက်ခံရသူ ၆၀ ကျော်အထိ ရှိလာ  

မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအနက် COVID-19 ကြောင့် ၂ ဦးသေ၊ ကူးစက်ခံရသူ ၆၀ ကျော်အထိ ရှိလာ  
ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးနေစဉ် (ဓာတ်ပုံ - သူရ /မဇ္ဈိမ )

နိုဝင်ဘာ ၂၆

ရွေးကောက်ပွဲကာလတွင် မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများ၌  တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများအနက် COVID-19 ကြောင့် သေဆုံးသူ နှစ်ဦးရှိပြီး ကူးစက်ခံရသူဦးရေ ၆၀ ကျော်အထိရှိလာနေသည်။

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကြောင့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမက(ဖို့မြေ)က အလယ်တန်းပြဆရာမ တစ်ယောက်နှင့် ဗိုလ်တထောင်မြို့နယ်၊ အထက(၂)က အလယ်တန်းပြဆရာမတို့  ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။  
 
သန်လျင်မြို့နယ်မှ ဆရာမသည် ကြိုတင်မဲများ ကောက်ယူချိန်တွင် သေဆုံးသွားခြင်းဖြစ်ကာ ဗိုလ်တထောင်က ဆရာမသည် ရွေးကောက်ပွဲအလွန်တွင် သေဆုံးသွားခြင်းဖြစ်သည်။
 
ကွယ်လွန်သူ သံလျင်နေ ဆရာမသည် ရင်ကြပ်ရောဂါအခံရှိသည်ဟု  Together Thanlyin Community Service အဖွဲ့ခေါင်းဆောင် ကိုမင်းသွေးသစ်က  ပြောသည်။

“ဆရာမက နဂိုတုန်းက ကျောင်းဆရာမလုပ်လာတာဆိုတော့ မြေဖြူမှုန့်တွေကြောင့်မို့လို့ ရင်ကြပ်ရောဂါရှိတယ်။ ရောဂါအခံရင်ကြပ်ရောဂါရှိတယ်။ အရင် ကိုဗစ်မဖြစ်ခင်က ရင်ကြပ်လို့ ဓာတ်မှန်သွားရိုက်တဲ့အခါမှာ အဆုတ်မှာ Spot  တွေ့တယ်ပေါ့နော်။ ကြိုတင်မဲမှာတော့ မဲရုံမှူးအဖြစ် တာဝန်ပေးခံရတယ်။ မဲရုံမစောင့်ခင်မှာ ကြိုတင်မဲတွေလိုက်ကောက်ပေးရတယ်။ ကြိုတင်မဲကောက်ပေးပြီးတော့ နောက် နှစ်ရက်လောက်နေတော့ ဆရာမဖျားတယ်။ ဖျားတော့ အသက်ရှူကြပ်လာတဲ့အခါမှာ ပုဂ္ဂလိက ဆေးခန်းတစ်ခုကိုသွားပြတယ်။ ဆရာဝန်က ဆေးရုံသွားလိုက်တာကောင်းတယ်ဆိုတော့ ကျွန်တော်တို့ လူနာတင်ကားကို လှမ်းခေါ်တယ်။ ဆရာမကို ဆေးရုံပို့ပေးလိုက်တယ်။ နောက်ရက် မနက် ၃ နာရီခွဲလောက်မှာ Positive နဲ့လူနာတစ်ယောက် သေသွားတဲ့အတွက် အလောင်းလာသယ်ပေးဖို့ပြောတဲ့အခါမှာ ဒီဆရာမဖြစ်နေတယ်”  

ကိုဗစ်ကူးစက်ခံရသည့် ဆရာ၊ ဆရာမများတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ဦးရေ ၃၀ ကျော်ရှိသည်။

 မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က “စောစောကတည်းက တခါတည်းစစ်မယ်။ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေကို ကွာရန်တင်း တခုခုထားပေးခဲ့ပြီးတော့မှ သတ်မှတ်ကာလပြည့်တော့မှ အိမ်ပြန်ပို့ခဲ့မယ်ဆိုရင် အဖြေကလည်း စောစောစီးစီးသိရမယ်။ နောက်တစ်ခါ အိမ်ကမိသားစုတွေ ကူးစက်ခံရတာလည်း ကျဉ်းသွားမယ်။ အခု တချို့ဆရာ၊ ဆရာမတွေ အိမ်ကမိသားစုကိုပါ ကူးတာမျိုးတွေ တွေ့ရပါတယ်” ဟု  ပြောသည်။  

မဲရုံတာဝန်ထမ်းဆောင်ရင်း COVID-19 ကူးစက်ခံရသည့် ဆရာ၊ ဆရာမများအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ ဂုဏ်ပြုသည့်အနေဖြင့် ဆုငွေ ၅၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးနေပြီး ကိုဗစ် ကူးစက်ခံရသည့် ပညာရေးဝန်ထမ်းများအနေဖြင့်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ထံ ဆက်သွယ်ကြရန်နှင့် အဆိုပါ ဂုဏ်ပြု အစီအစဉ်တွင် ပူပေါင်းပါဝင်ရန် အလှူရှင်များလည်း ဖိတ်ခေါ်ထားသည်။  

“ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပမာဏထက် ကူးစက်မှုခံရတာတွေက တစ်ရက်ပြီးတစ်ရက် တိုးလာနေတယ်။ တိုးလာနေတော့ ကျွန်တော်တို့ ဂုဏ်ပြုငွေပေးအပ်တဲ့ အခါမှာလည်း ကျွန်တော်တို့လက်ရှိ ရန်ပုံငွေက အကန့်အသတ်တစ်ခုပဲရှိတဲ့အတွက် ဆရာ၊ ဆရာမအားလုံးကို လုံလုံလောက်လောက်ပေးဖို့က အခက်အခဲဖြစ်လာတယ်။ ကျွန်တော်တို့ ပေးပို့တယ်ဆိုတဲ့ ၅၀၀၀၀ က တကယ်ဆေးကုနေရတဲ့ မိသားစုအတွက်က ဘာမှမပြောပလောက်ပါဘူး” ဟု ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။  

မဲရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရောဂါကူးစက်ခံရသည့် ပညာရေးဝန်ထမ်းများ၏ အချက်အလက်များအား စုဆောင်းနေကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ ပေးပို့သွားမည်ဟု သိရသည်။  

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမဦးရေ ၂၀၀,၀၀၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly