၂၀၁၅တွင် လဲချားပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးမှု အပါအဝင် မြေမြှုပ်မိုင်း နှင့် ဗုံးသီးကြောင့် ကလေး ၁၀ဦး သေဆုံးပြီး ၁၄ဦး ဒဏ်ရာရ

၂၀၁၅တွင် လဲချားပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးမှု အပါအဝင် မြေမြှုပ်မိုင်း နှင့် ဗုံးသီးကြောင့် ကလေး ၁၀ဦး သေဆုံးပြီး ၁၄ဦး ဒဏ်ရာရ
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဌာနချုပ် လွယ်တိုင်းလျန်းရှိ ဒုက္ခသည်စခန်းတွင် မြေမြှုပ်မိုင်းဒဏ် ခံရသူအချို့ကို ၂၀၁၃ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ- သိင်္ဂီထွန်း၊မဇ္ဈိမ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။             ။ ၂၀၁၅ခုနှစ်တွင် မြေမြှုပ်မိုင်းများနှင့် အသုံးပြုပြီး မပေါက်ကွဲသေးသည့် ဗုံးသီးများကြောင့် ကလေးသူငယ်ဦးရေ (၁၀)ဦး သေဆုံးပြီး (၁၄)ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ယူနီဆက်မှ ထုတ်ပြန်ထားသည်။

"ယင်းဖြစ်စဉ်များကို သတင်းပို့ အစီရင်ခံခြင်း မပြုခြင်းများကြောင့် မှတ်တမ်းမှတ်ရာများတွင် ပါဝင်မှုမရှိနိုင်သည်ကိုလည်း သိရှိရပါသည်။"ဟု ယူနီဆက်ဖ်က ဆိုသည်။

ရှမ်းပြည်နယ်၊ လဲချားမြို့နယ်၊ မတ်လန်းကျေးရွာတွင် ပေါက်ကွဲစေသည့် ကိရိယာကြောင့် အသက် ၈နှစ်အရွယ် နှင့် ၁၃နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးမှု နိုဝင်ဘာ ၁၆ရက်က ဖြစ်ပွားခဲ့သည့် အပေါ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ဝမ်းနည်းကြောင်း နိုဝင်ဘာ ၁၈ရက်က ထုတ်ပြန်လိုက်သည်။

မြန်မာပြည်ရှိ အနည်းဆုံး ပြည်နယ် ခုနှစ်ခုတွင် မြေမြှုပ်မိုင်းများနှင့် အသုံးပြုပြီး မပေါက်ကွဲသေးသည့် ခဲယမ်းများကို ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ထားရှိခဲ့ခြင်းကြောင့်လည်းကောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် လည်းကောင်း ကလေးသူငယ်များ နှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ ပြည်သူများ ထိခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို လုံးဝရပ်တန့်ရန်နှင့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများတွင် ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက် မှုပေးသည့်နေရာများနှင့် ကလေးသူငယ်များ အသုံးပြုသည့် မည်သည့်နေရာမဆို လက်နက်ကိုင်တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးပါရန် လက်နက်ကိုင်တိုက်ခိုက်နေသည့် အဖွဲ့များအပေါ် ယူနီဆက်ဖ်က တောင်းဆိုလိုက်သည်။

ထို့အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် မိုင်း အန္တရာယ်ကာကွယ်ရေး ပညာပေးမှုများနှင့် ထိခိုက်ခံစားရသည့် သူများအား ထောက်ပံ့ပေးခြင်း ကဲ့သို့သော စီမံကိန်းများအား အစောတလျှင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးပါရန် မိတ်ဖက်အဖွဲ့အစည်းများအား ယူနီဆက်ဖ်က တိုက်တွန်းထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly