အာဖဂန်က ရှေးဟောင်းဗုဒ္ဓအမွေအနှစ်ရှိရာ ဘာမီယန်မြို့မှာ ဗုံး ၂ လုံးပေါက်ကွဲလို့ လူ ၁၄ ဦး သေဆုံး  

အာဖဂန်က ရှေးဟောင်းဗုဒ္ဓအမွေအနှစ်ရှိရာ ဘာမီယန်မြို့မှာ ဗုံး ၂ လုံးပေါက်ကွဲလို့ လူ ၁၄ ဦး သေဆုံး  
Photo - AFP

နိုဝင်ဘာ ၂၅  

အာဖဂန်နစ္စတန်နိုင်ငံက  ရှီးအိုက်ဟာဇရာလူမျိုးစုတွေ အများစုနေထိုင်တဲ့  ဘာမီယန်မြို့မှာ နိုဝင်ဘာ ၂၄ ရက် အင်္ဂါနေ့က ဗုံးပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့လို့ လူ ၁၄ ဦးထက်မနည်းသေဆုံးပြီး ၄၅ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဗုံးပေါက်ကွဲမှုဟာ အာဖဂန်ရဲ့ ဖြစ်နေကျနေရာတွေမှာ မဖြစ်ပွားခဲ့ဘဲ ရှေးဟောင်းဗုဒ္ဓအမွေအနှစ်တွေရှိတဲ့ ဘာမီယန်မြို့မှာဖြစ်ပွားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ သီးခြားမြို့လေးမှာ လူအစုလိုက်သေဆုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။  

ဗုံးပေါက်ကွဲမှုဟာ ဈေးရှေ့နဲ့ ဆေးရုံအနီး သီးခြားနေရာနှစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဘာမီယန်က ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ ရက်ဇာယူဆွတ် က AFP ကိုပြောပါတယ်။  

ဒုတိယမြောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဆေးရုံအနီးမှာတော့ သေဆုံးသူအများစုဟာ တက္ကသိုလ်ကျောင်းသားတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  

ဘယ်အဖွဲ့အစည်းရဲ့လက်ချက်ဆိုတာ မသိရသေးဘဲ တာလီဘန်တွေကလည်း သူတို့နဲ့မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့အကြောင်း ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တာရစ်အာရီယန်က ပြောပါတယ်။  

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တာလီဘန်နဲ့ အာဖဂန်အစိုးရညှိနှိုင်းဆောင်ရွက်သူတွေဟာ မကြာသေးခင်လများက ကာတာနိုင်ငံ ဒိုဟာမြို့မှာ တွေ့ဆုံစဉ်မှာလည်း အာဖဂန်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး အခု ဗုံးနှစ်လုံးပေါက်ကွဲတဲ့ဖြစ်စဉ်ကတော့ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly