ဒဂုံဆိပ်ကမ်း အဓိကရုဏ်းအားကိုင်တွယ်ခဲ့သည့်စခန်းမှူးနှင့် ပေါက်စီစက်ရုံပိုင်ရှင်မိသားစုဝင်အချို့တွင် ကိုဗစ်ပိုး တွေ့  

ဒဂုံဆိပ်ကမ်း အဓိကရုဏ်းအားကိုင်တွယ်ခဲ့သည့်စခန်းမှူးနှင့် ပေါက်စီစက်ရုံပိုင်ရှင်မိသားစုဝင်အချို့တွင် ကိုဗစ်ပိုး တွေ့  
ပုံ - နိုဝင်ဘာ ၂၁ ရက်ညက ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ် ဖြစ်စဉ်တွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - သက်ကို /မဇ္ဈိမ)

နိုဝင်ဘာ ၂၄  

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအား ကိုင်တွယ်ခဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ် စခန်းမှူးနှင့် ပေါက်စီစက်ရုံပိုင်ရှင်မိသားစုဝင်တချို့တွင်ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ဥပဒေအထောက် အကူ ပြုအဖွဲ့ဝင် ဦးသိန်းလှိုင်ထွန်းကအတည်ပြုပြောကြားသည်။  

စက်ရုံဝန်ထမ်း ကလေးငယ် ၁၀ ဦးတွင်ကိုဗစ်ပိုးကူးစက်ခံထားရ၍ ရဲတပ်ဖွဲ့ဝင်များကိုပါစစ်ဆေးခဲ့ပြီးနောက် စခန်းမှူးပါ ကူးစက်ခံထားရကြောင်းသိရှိခဲ့ရခြင်းဖြစ်သည်။  

“ စခန်းမှူး ပေါ့စတစ်တွေ့တယ်။ ရဲတွေထဲမှာ။ နောက်ပြီး အိမ်ရှင်ရဲ့အမျိုးသမျိုးသမီးနဲ့ သူ့ရဲ့ညီလည်း တွေ့တယ်။ စခန်းကတော့ စစ်ဆေးလိုက်တာပေါ့နော်။ စခန်းကထိတွေ့တဲ့သူတွေအကုန်လုံးတော့ အကုန်လုံးမှာ စခန်းမှူးတစ်ယောက်ပဲ ပေါ့စတစ်တွေ့တာ ကျန်တဲ့သူတော့မတွေ့ဘူး ” ဟု ဦးသိန်းလှိုင်ထွန်းကပြောသည်။  

ထို့ကြောင့် ကိုဗစ်ကူးစက်ခံရသူအားလုံးကို ကိုဗစ်စင်တာသို့ပို့ဆောင်ကုသပေးနေပြီး အတည်ပြုလူနာများနှင့် ထိတွေ့သူအားလုံးကိုလည်း စောင့်ကြည့်စင်တာများသို့ပို့ဆောင်ထားကြောင်းသိရသည်။  

ထို့အပြင် လိုတရပေါက်စီစက်ရုံပိုင်ရှင်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော မြောက်ဒဂုံမြို့နယ်၌ ဖွင့်လှစ်ထားသည့် လိုတရ ဘီယာဆိုင်မှ နိုဝင်ဘာ ၂၃ ရက်နေ့တွင် အသက်မပြည့်သေးသည့် ကလေးလုပ်သားနှစ်ဦးကို ထပ်မံတွေ့ ရှိထားသည်။  

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ လိုတရပေါင်မုန့်၊ ပေါက်စီစက်ရုံတွင် စက်ရုံပိုင်ရှင်မှ အလုပ်လုပ်ကိုင်နေသော ကလေးငယ်တစ်ဦးအား ရိုက်နှက်ခဲ့သည့်အတွက် ကလေးငယ်မှအနီးပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သည်။  

ကလေးငယ်များအား ညှင်းပန်းနှိပ်စက်သည်ဆိုသည့် လိုတရပေါက်စီစက်ရုံပိုင်ရှင်အမျိုးသားနှင့် အမျိုးသမီးတို့ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက နာကျင်စေမှု၊ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်မှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။   

ကလေးငယ်များနေထိုင်ရာ ဇာတိမြို့ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်သို့ ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်ကာလဖြစ်၍လူ၊ ကယ်၊ ပြန် ဌာနတွင် ခေတ္တထားရှိရန်ဆုံးဖြတ်ခဲ့ပြီး ကိုဗစ်ရောဂါစစ်ဆေးရာမှ ကလေးငယ် ၁၀ ဦး ၌ ကိုဗစ်ရောဂါတွေ့ရှိထားခြင်းဖြစ်သည်။ 

https://www.facebook.com/MizzimaDaily/videos/196126448669511/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly