အဇာဘိုင်ဂျန်ရဲ့ မောင်းသူမဲ့ လေယာဉ်များက နာဂိုနို-ကရာဘတ်ခ် စစ်မြေပြင်ကို အုပ်စီးထားပြီး အနာဂတ်စစ်ပွဲကိုလမ်းညွှန်ပြသနေ

အဇာဘိုင်ဂျန်ရဲ့ မောင်းသူမဲ့ လေယာဉ်များက နာဂိုနို-ကရာဘတ်ခ် စစ်မြေပြင်ကို အုပ်စီးထားပြီး အနာဂတ်စစ်ပွဲကိုလမ်းညွှန်ပြသနေ

နိုဝင်ဘာ ၂၄
   
အာမေးနီးယားနှင့် နာဂိုနို-ကရာဘတ်ခ်  စစ်သားများအား ပစ်မှတ်ထားပြီး တင့်ကားများ၊ အမြောက်တပ်များနှင့် လေကြောင်းကာကွယ်ရေးစနစ်များအား ဖျက်စီးသည့် မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှုများသည် ၄၄ ကြာစစ်ပွဲအတွင်း အဇာဘိုင်ဂျန်အတွက် ကြီးမားသော အားသာချက်ဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း လူမဲ့ တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ်များ စတင်အသုံးပြုလာခြင်းသည် စစ်မြေပြင်များအား မည်သို့ပြောင်းလဲစေကြောင်း အရှင်းလင်းဆုံး သက်သေပင်ဖြစ်တော့သည်။
 
ကုန်ကျစရိတ်နည်းပါးသည့် မောင်းသူမဲ့လေယာဉ်များအား တိုးချဲ့အသုံးပြုလာခြင်းသည် နိုင်ငံများအနေဖြင့် ပုံမှန်လေတပ်ကုန်ကျစရိတ်အား လျော့ချနိုင်လာစေသည်။ နာဂိုနို-ကရာဘတ်ခ် ရှိ အခြေအနေသည် မောင်းသူမဲ့လေယာဉ်များအနေဖြင့် ကာလကြာမြင့်နေသော ပဋိပက္ခကို မည်သို့ ရုတ်တရတ် ပြောင်းလဲနိုင်ပုံနှင့် မြေပြင်တပ်ဖွဲ့များအား သိသာစွာ ဖော်ထုတ်နိုင်ကြောင်းကို မီးမောင်းထိုးပြနေသည်။
 
 “မောင်းသူမဲ့လေယာဉ်တွေက နိုင်ငံငယ်လေးတွေအနေနဲ့ ပြိုင်ဘက်ရဲ့ တင့်ကားနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေစတဲ့ အကုန်အကျပိုများတဲ့ ပစ္စည်းတွေကို ဖျက်စီးနိုင်ဖို့ လေကြောင်း ပရိယာယ်နဲ့ တိကျတဲ့လမ်းညွှန်မှု လက်နက်တွေကို အကုန်အကျနည်းနည်းနဲ့ သုံးလို့ရစေတယ်။ လေတပ်ဆိုတာက အရမ်းဈေးကြီးတယ်။ ပြီးတော့ သူတို့(မောင်းသူမဲ့လေယာဉ်)က ပိုပြီး သေးငယ် ဆင်းရဲတဲ့ နိုင်ငံတွေကို လေကြောင်း အင်အားသုံးနိုင်ခွင့် ပေးနေတယ်”ဟု အာလင်တန် မှ ကာကွယ်ရေးအကြံပေးအဖွဲ့ Va၊ CAN မှ ရရှား စစ်ဘက် လေ့လာသူနှင့် ဒါရိုက်တာ မိုက်ကယ် ကော့ဖ်မန်းက ပြောသည်။

အဇာဘိုင်ဂျန်တွင် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှု ဗီဒီယိုများအား ကာကွယ်ရေးဝန်ကြီး ဝဘ်ဆိုဒ် တွင် နေ့စဉ် တင်ထားပြီး၊ မြို့တော် ဘာကူရှိ ကြီးမားသော ရုပ်သံများတွင် ထုတ်လွှင့်ကာ တွစ်တာပေါ်တွင်လည်း ထပ်တလဲလဲ တင်လျက်ရှိသည်။

အဇာဘိုင်ဂျန်၏ လျင်မြန်သော စစ်ရေးအကျိုးအမြတ်ကို ခြေရာကောက်နိုင်ရန် အနောက်နိုင်ငံ စစ်ရေးလေ့လာသူများက ထိုဗီဒီယိုများအား လေ့လာခဲ့သည်။

ဝန်ကြီးချုပ် နီကိုလ်း ပတ်ရှ်ရှင်ယန်သည် အဖွဲ့ဝင် ၂၀၀၀ ပါရရှားငြိမ်းချမ်းရေးထိန်းသိမ်းရေး မစ်ရှစ်အား တောင်းဆိုရန်နှင့် ၁၉၉၀ ပြည့်နှစ် အစောပိုင်း နာဂိုနို-ကရာဘတ်ခ်  စစ်ပွဲအတွင်း ဆုံးရှုံးခဲ့သော နယ်မြေအား အဇာဘိုင်ဂျန်များ ပြန်လည်ပေးရန် သဘောတူညီချက်အား လက်ခံခဲ့ရသည်။
 
အဇာဘိုင်ဂျန်က နာဂိုနို-ကရာဘတ်ခ်  မြို့တော် စတီပန်နာကတ်တ်အထက်တွင် တည်ရှိသည့် အဇာဘိုင်ဂျန်မားအတွက် ယဉ်ကျေးမှုအရ အရေးကြီးသော မဟာဗျူဟာကျ ရှူးရှ မြို့ (အာမေးနီးယားက ရှူရှီ ဟု ခေါ်သည်)အား သိမ်းပိုက်ပြီးသည့်အချိန်တွင် သဘောတူညီမှု ပြုခဲ့ခြင်းဖြစ်သည်။ အဇာဘိုင်ဂျန်တပ်များက ရှူးရှ မြို့သို့ ချီတက်လာနေချိန်တွင် သူ၏ စစ်ရေးဝါဒဖြန့်ချိသူများက ကတုတ်ကျင်းများရှိ တပ်ဖွဲ့များအား မောင်းသူမဲ့လေယာဉ်များဖြင့် ချေမှုန်းနေသော စက်ဆုတ်ဖွယ် ဗီဒီဘိုများကို ဖြန့်ဝေလျက်ရှိသည်။
 
လက်နက်ပါ မောင်းသူမဲ့လေယာဉ်များအား ပိုမို အသုံးပြုလာခြင်း

၉/၁၁ တိုက်ခိုက်မှုအပြီး ပင်တဂွန်မှ သူ၏ မောင်းသူမဲ့လေယာဉ် အား အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့ပြီးနောက် လက်နက်ပါ မောင်းသူမဲ့ လေယာဉ်များသည် စစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကြသည်။ ဒုံးကျည်ပစ်ခတ်နိုင်သော မောင်းသူမဲ့လေယာဉ်များအား တူရကီ၊ တရုတ်နှင့် အစ္စရေး အပါအဝင် နိုင်ငံများစွာမှ ထုတ်လုပ်လျက်ရှိပြီး လစ်ဗျားတိုက်ပွဲအပါအဝင် တိုက်ပွဲအသီးသီးတွင် ဘက်အသီးသီးမှ အသုံးပြုလာကြသည်။

 လအနည်းငယ်အတွင်းတွင်ပင် နာဂိုနို-ကရာဘတ်ခ်  သည် သေးငယ်ပြီး ကုန်ကျစရိတ်နည်းပါးသော မောင်းသူမဲ့ လေယာဉ်များသည် တစ်ချိန်က မြေပြင်တိုက်ပွဲနှင့် ပုံမှန်အစဉ်အလာ လေကြောင်းအင်အားများ ကြီးစိုးခဲ့သော ပဋိပက္ခ အမြင်များအား မည်သို့ ပြောင်းလဲစေနိုင်ကြောင်း ပြသနေသည့် သာဓကကောင်းတစ်ခုဖြစ်သည်။ ထို့အပြင် တိကျသော မောင်းသူမဲ့လေယာဉ်ကာကွယ်ရေးမပါဝင်သော ခေတ်မီဆန်းပြားသည့် လက်နက်စနစ်များ၊ တင့်ကားများ၊ ရေဒါများနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၏ ထိခိုက်မှု ခံနိုင်ရည်စွမ်းများအား မီးမောင်းထိုးပြနေသည်။
 
အဇာဘိုင်ဂျန်သည် အစ္စရေးနှင့် တူရကီမှ ဝယ်ယူခဲ့သော မောင်းသူမဲ့လေယာဉ် သင်္ဘောစုအား နာဂိုနို-ကရာဘတ်ခ်  ရှိ အာမေးနီးယား၏ လက်နက်စနစ်များအား ခြေရာခံလိုက် ဖျက်စီးရန် အသုံးပြုခဲ့ပြီး ကာကွယ်ရေးကို ပျက်စီးစေကာ လျင်မြန်စွာ အသာရစေနိုင်ခဲ့သည်။ အာမေးနီးယားသည် နာဂိုနို-ကရာဘတ်ခ် ရှိ သူတို့၏ ယခင် ဆိုဗီယက်စနစ်ဟောင်းများဖြစ်သည့် လေကြောင်းကာကွယ်ရေးစနစ်များသည် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်းမရှိကြောင်း သိရှိခဲ့ပြီး ဆုံးရှုံးမှုများ ပိုမို များပြားလာခဲ့သည်။
 
နိုင်ငံတကာ မဟာဗျူဟာ လေ့လာမှုများ အင်စတီကျု မှ ပဋိပက္ခ အနာဂါတ်နှင့် ပတ်သတ်၍ သုတေသနပြုသူ ဖရန်ဇ်-စတီဖန် ဂဒီ က တင့်ကားနှင့် လက်နက်တပ်ဆင်ထားသည့် ယာဉ်များကဲ့သို့ ပုံမှန်အစဉ်အလာ စစ်လက်နက်ပစ္စည်းများသည် ခေတ်ကုန်သွားမည်မဟုတ်ကြောင်း ဆိုခဲ့သည်။

သို့ရာတွင် နာဂိုနို-ကရာဘတ်ခ် သည် အခြားလက်နက်များနှင့် အဆင့်မြင့်လေ့ကျင့်ထားသော မြေပြင်တပ်ဖွဲ့များနှင့်အတူ လက်နက်ပါ မောင်းသူမဲ့လေယာဉ်များ အသုံးချခြင်း၏ ပိုမိုအရေးပါလာမှုနှင့် အနာဂါတ်စစ်ပွဲများတွင် အသုံးမပြုခြင်း၏ ဆိုးဝါးသော အကျိုးဆက်များကို ပြသခဲ့ပြီး ဖြစ်ကြောင်း သူက ဆိုသည်။
 
ကြီးမားသော ဆုံးရှုံးမှုများ

အာမေးနီးယန်းလူမျိုးများစွာနေထိုင်သည့် အဇာဘိုင်ဂျန်ရှိ ခွဲထွက်ရေးနယ်မြေသည် ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းများတွင် စတင်ခွဲထွက်ခဲ့ပြီး စစ်မက်ဖြစ်ပွားစေကာ အဇာဘိုင်ဂျန်အား ထိုနယ်မြေနှင့် အနီးရှိ ပြည်နယ် ခုနှစ် ခုတို့အား ဆုံးရှုံးစေခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ရရှားတို့မှ ဦးဆောင်ခဲ့သော ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ရပ်သည် ကျေအေးမှုမရနိုင်သေးပေ။

အာမေးနီးယားသည် နယ်မြေအား ထိန်းသိမ်းရန် စစ်အေးပဋိပက္ခ အခြေအနေနှင့် ရောင့်ရဲတင်းတိမ်လာခဲ့သည်။ အဇာဘိုင်ဂျန်သည် ဘာမျှဖြစ်လာပုံမပေါ်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မကျေမနပ်ဖြစ်လာခဲ့ပြီး ၎င်း၏ ကက်စပီယန် ပင်လယ် ရေနံ ကြွယ်ဝမှုများအား  အစ္စရေးကာမီကာဇီ မောင်းသူမဲ့လေယာဉ်များ (စောင့်ကြည့်ရေးလက်နက်ဟုလည်း‌ ခေါ်ကြသည်။ ပစ်မှတ်အား တိုက်ခိုက်မှုမပြုခင် နယ်မြေတစ်ခုတွင် ပျံသန်းရန် ပုံစံဆွဲထားသည်)၊ တူရကီ Bayraktar TB2 မောင်းသူမဲ့လေယာဉ်များ သင်္ဘောစု အပါအဝင် လက်နက်များအား ဝယ်ယူရန် အသုံးပြုခဲ့သည်။

စက်တင်ဘာ ၂၇ တွင် တိုက်ပွဲထပ်မံဖြစ်ပွားချိန်တွင် အဇာဘိုင်ဂျန်သည် စစ်ပွဲကြောင့် သေဆုံးမှု အချက်အလက်များကို ဖွက်ထားသော်လည်း ဘာကူရှိ ကြီးမားသော ရုပ်သံများနှင့် YouTube တွင် ထုတ်လွှတ်နေသော မောင်းသူမဲ့လေယာဉ် ဗီဒီယိုများသည် စစ်ပွဲအတွက် လူကြိုက်ပိုများလာကြသည်။

“အဇာဘိုင်ဂျန်က ဒီအတွက် ပြင်ဆင်နေတာ သိသာတယ်။ အဇာဘိုင်ဂျန်က အဲ့ဒီ လက်ရှိအနေအထားကို ပြောင်းလဲဖို့ ဆုံးဖြတ်ထားပြီးတော့ အာမေးနီးယားကတော့ သူတို့မှာ ရှိတာကို ထိန်းသိမ်းချင်တဲ့အတွက် စစ်ဖြစ်ဖို့ ဆန္ဒမရှိဘူး” ဟု အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးကျွမ်းကျင်သူ တွန်ဒီဝဲလ် က ဆိုသည်။

“ဒီပဋိပက္ခရဲ့ အဆုံးအဖြတ်ပေးမဲ့အချက်က အဇာဘိုင်ဂျန်ဘက်မှာ တူရကီ ဝင်ပါလာတာပဲ။ သူတို့က စစ်ပွဲအားထုတ်မှုမှာ အကြီးအကျယ် ပါဝင်နေပုံပဲ” ဟု ပဋိပက္ခမဖြစ်ပွားခင် နှစ်ပတ်အလိုတွင် တူရကီသည် ဆီးရီးယားကြေးစားများအား အဇာဘိုင်ဂျန်အတွင်းသို့ ပြောင်းရွှေ့ခဲ့ပုံပေါ်ကြောင်း သူက ထပ်ပြောခဲ့သည်။ တူရကီသည် Nagorno-Karabakhတွင် တိုက်ခိုက်ရန် ဆီးရီးယားကြေးစားများ စုဆောင်းထားသည်ကို ငြင်းဆိုထားသည်။

 ထိုတွင် မောင်းသူမဲ့လေယာဉ်များလည်း ရှိသေးသည်။ ၎င်းတို့၏ ပစ်မှတ်များတွင် ၁၉၉၀ပြည့်နှစ်များက အခိုင်အမာတပ်စွဲထားသော နေရာများလည်းပါဝင်သည်။ “အဲ့တာတွေက ကြီးမားတဲ့ ဆုံးရှုံးမှုတွေပဲ။ အာမေးနီယား တင့်ကား သုံးပုံတစ်ပုံလောက် ဖျက်စီးခံလိုက်ရပုံပဲ။ အဲဒီနယ်မြေတွေအကုန်လုံး သိမ်းပိုက်ဖို့ အရေးကြီးတဲ့အချက်ပဲ”ဟု ဒီဝဲလ် ကဆိုသည်။ အာမေးနီးယားတပ်ဖွဲ့များသည် အဇာဘိုင်ဂျန်၏ မောင်းသူမဲ့လေယာဉ်များအား မယှဉ်နိုင်သည့်အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် စိတ်ကော လူပါ ပင်ပန်းနေကြကာ စစ်ရေးအရ ဆုံးရှုံးမှုများ များစွာရှိခဲ့သည်။

ပုန်းရန် နေရာမရှိခြင်း

အသက်နှင့် နယ်မြေများ ပိုမိုဆုံးရှုံးခြင်းမှ ကာကွယ်ရန် အင်္ဂါနေ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်အပြင် မရှိကြောင်း အာမေးနီးယားနှင့် နာဂေါ်နို-ကရာဘတ်ခ်  မှ အရာရှိများက ဆိုသည်။

စစ်ပွဲ အစောပိုင်းကာလများတွင် အဇာဘိုင်ဂျန်သည် မောင်းသူမဲ့လေယာဉ်များအဖြစ် ပြောင်းလဲထားသော အနှေးစား ဆိုဗီယက်ခေတ် An-2 လေယာဉ် ၁၁ စင်းအား နာဂေါ်နို-ကရာဘတ်ခ် အနီး လှည့်လည် ပျံသန်းနေစေကာ အာမေးနီးယန်း လေကြောင်းကာကွယ်ရေးစနစ်သည် ၎င်းတို့အား ပစ်ခတ်စေပြီး တည်နေရာများကို ပေါ်ပေါက်စေကာ မောင်းသူမဲ့ လေယာဉ်များနှင့် တိုက်ခိုက်ခဲ့သည်။
 
အဇာဘိုင်ဂျန်သည် ပစ်မှတ်အား ရှာဖွေရန် စောင့်ကြည့်ရေး မောင်းသူမဲ့လေယာဉ်များအား အသုံးပြုခဲ့ပြီး ဖျက်စီးရန် လက်နက်ပါ မောင်းသူမဲ့လေယာဉ်များ သို့မဟုတ် ကာမီကာဇီများအား ပို့ခဲ့ကြောင်း လေ့လာသူများက ဆိုသည်။

အဇာဘိုင်ဂျန်တွင် နွေရာသီအတွင်း အဇာဘိုင်ဂျန်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သော တူရကီသည် သူ၏ မဟာမိတ်အား ပံ့ပိုးပေးသော်လည်း တိုက်ပွဲတွင် တိုက်ရိုက်ဝင်ရောက်ပတ်သတ်ခြင်းကို ငြင်းဆိုထားသည်။

မေလအတွင်း လစ်ဗျားတွင် နိုင်ငံတော်သစ္စာဖောက်ဗိုလ်ကြီး ခါလီဖာ ဟိုင်ဖ်တာ ၏ တပ်ဖွဲ့များမှ အသုံးပြုခဲ့သော ရရှားတွင် ပြုလုပ်သည့် ¬Pantsir S1 လေကြောင်းကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်ခဲ့သော တူရကီ၏ မောင်းသူမဲ့လေယာဉ်များနှင့် ဆီးရီးယားတွင် လတ်တလောအသုံးပြုခဲ့သည့် တူရကီ၏ အတွေ့အကြုံများမှတစ်ဆင့် အဇာဘိုင်ဂျန်သည် များစွာ အကျိုးအမြတ်ရနိုင်သည်။

 မောင်းသူမဲ့လေယာဉ်များတိုက်ခိုက်နေမှုနှင့် ရွာများ မြို့များမှတစ်ဆင့် ချီတက်လာသော စစ်သားများအပါအဝင် နာဂေါ်နို-ကရာဘတ်ခ်  ရှိ နှစ်ဖက်မှ တင်လာသော ဗီဒီယိုများသည် စစ်ရေးလေ့လာသူများအား တိုက်ခိုက်မှုအရေအတွက်များအား အတည်ပြုနိုင်စေခဲ့သည်။ စစ်ရေး အရေးအခင်းများ ဘလော့ Oryx တွင်ရေးသားထားချက်အရ နှစ်ဘက်သည် သူတို့၏ စစ်ရေးအကျိုးအမြတ်များအတွက် ဝါဒဖြန့်ချိရေးများကို အသုံးချကြသော်လည်း ဗီဒီယိုများမှရသော လေ့လာမှုများက ထိုအဆိုများကို သက်သေပြနိုင်စေခဲ့ကြောင်း ပြောခဲ့သည်။ အဖွဲ့သည် တင့်ကားနှင့် လက်နက်စနစ်တစ်ခုချင်းစီ၏ သက်သေ ဓာတ်ပုံများနှင့် ဗီဒီယိုများအပါအဝင် ဖျက်စီးခံခဲ့ရသော စစ်ရေးအသုံးပစ္စည်းများစာရင်းကို ထုတ်ပြန်ခဲ့သည်။
 
ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများမှ တစ်ဆင့် ဆုံးရှုံးမှုများကို အတည်ပြုချက်များအရ အာမေးနီးယားသည် T-72 တင့်ကား ၁၈၅စီး၊ လက်နက်ပါ တိုက်ခိုက်ရေးယာဉ် ၉၀စီး၊ အမြောက် ၁၈၂လက်၊ ဒုံးပစ်လောင်ချာ ၇၃ခု၊ Tor စနစ် ၅ခုနှင့် S-300 ၅ခု အပါအဝင် မြေပြင်မှ ဝေဟင်ပစ်ဒုံးစနစ် ၂၆ခု၊ ရေဒါ ၁၄ခု၊ SU-25 စစ်လေယာဉ် တစ်စင်း၊ မောင်းသူမဲ့လေယာဉ် ၄စင်းနှင့် စစ်တပ်ယာဉ် ၄၅၁ စီး ဆုံးရှုံးခဲ့သည်။
 
အဇာဘိုင်ဂျန်သည် တင့်ကား ၂၂စီး၊ သံချပ်ကာယာဉ် ၄၁ စီး၊ ရဟတ်ယာဉ် ၁စီး၊ မောင်းသူမဲ့လေယာဉ် ၂၅စင်းနှင့် ယာဉ် ၂၄ စီး ဆုံးရှုံးခဲ့သည်။ နှစ်ဘက်မှ ဆုံးရှုံးမှုများအား အတိအကျ မသိနိုင်သေးသော်လည်း အာမေးနီးယားဘက်မှဆုံးရှုံးမှု ပိုမိုကြီးမားကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
 
နာဂေါ်နို-ကရာဘတ်ခ်  ခေါင်းဆောင် အရာယစ်ခ် ဟရုတ်ယွန်ယန် က တိုက်ပွဲဆက်လက်ဖြစ်ပွားပါက နာဂေါ်နို-ကရာဘတ်ခ် နယ်မြေအားလုံးအား ရက်ပိုင်းအတွင်း သိမ်းပိုက်ခံရနိုင်ကြောင်းနှင့် မောင်းသူမဲ့လေယာဉ်များကြောင့် လူများစွာဆုံးရှုံးခဲ့ကြောင်း အင်္ဂါနေ့က ဆိုခဲ့သည်။

ဩစတြေးလျ မဟာဗျူဟာမူဝါဒ အင်စတီကျူမှ အကြီးတန်းလေ့လာသူ မယ်လ်ကွန်ဒေဗစ်  က ကာမီကာဇီမောင်းသူမဲ့လေယာဉ်ကဲ့သို့သော စနစ်များသည် နည်းပညာတိုးတက်လာသည်နှင့်အမျှ ကုန်ကျစရိတ်နည်းပါးသည့်အတွက် ပိုမိုအသုံးများလာနိုင်ကြောင်း “မြေပြင်စစ်ပွဲအတွက် ဖြစ်နိုင်တဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း” RealClearDefense ဝဘ်ဆိုဒ်တွင်ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly