ဟောင်ကောင်ဆန္ဒပြမှုအတွက် အပြစ်ရှိကြောင်းထွက်ဆိုသွားမယ်လို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဂျော့ရွှာဝေါင်ပြော 

ဟောင်ကောင်ဆန္ဒပြမှုအတွက် အပြစ်ရှိကြောင်းထွက်ဆိုသွားမယ်လို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဂျော့ရွှာဝေါင်ပြော 
Photo - AFP

နိုဝင်ဘာ ၂၃  

ဟောင်ကောင်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဂျော့ရွှာဝေါင်နဲ့ အပေါင်းအပါနှစ်ဦးတို့ဟာ ပြီးခဲ့တဲ့နှစ်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုနဲ့ပတ်သက်ပြီး အမှုရင်ဆိုင်ဖို့ တနင်္လာနေ့မှာ အနောက်ကောင်လွန်းတရားရုံးကိုရောက်ရှိလာခဲ့ပြီး ထောင်ချခံရဖွယ်ရှိတယ်လို့ ဂျော့ရွှာဝေါင်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။  

ရံဖန်ရံခါ အကြမ်းဖက်မှုတွေပါဝင်တဲ့ ခုနစ်လဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီစုဝေးပွဲကြီးတွေဟာ ဟောင်ကောင်ကို တုန်လှုပ်ချောက်ချားစေခဲ့ပြီး ပြီးခဲ့တဲ့နှစ်က လူသန်းပေါင်းများစွာကို လမ်းမထက် ထွက်လာစေခဲ့ပါတယ်။  

လွတ်လပ်တဲ့ရွေးကောက်ပွဲကျင်းပရေးတောင်းဆိုချက်တွေကို ပေကျင်းနဲ့ ဒေသခံအာဏာပိုင်တွေက ငြင်းဆိုခဲ့ကြပြီး ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ဆန္ဒပြသူတွေကို ပြင်းပြန်းထန်ထန်နှိမ်နင်းခဲ့ပါတယ်။ 

ဒီမိုကရေစီလှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဝေါင်က “စွဲချက်တွေအားလုံးကို အပြစ်ရှိကြောင်းထွက်ဆိုဖို့ ကျွန်တော်တို့ သုံးယောက်စလုံး ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော့်ကို ဒီနေ့ချက်ချင်းထိန်းသိမ်းလည်း မအံ့ဩပါဘူး။ ပြီးခဲ့တဲ့ သုံးပတ်အတွင်းမှာ တက်ကြွလှုပ်ရှားသူ၊ သတင်းထောက်နဲ့ ကောင်စီဝင် အားလုံးပေါင်း ၂၃ ယောက်လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ နေ့စဉ်နေ့တိုင်း တရားရင်ဆိုင်နေရတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ထောင်သွင်းအကျဉ်းချခံရတဲ့ ဆန္ဒပြသူတွေ ရှိနေပါတယ်။ လွတ်လပ်မှုအတွက် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ ပေကျင်းနဲ့ကျွေးကျွန်တွေကို ခယဝပ်တွားရမယ့်အချိန်မဟုတ်တော့ပါဘူး” လို့ ဆိုပါတယ်။  

တက်ကြွလှုပ်ရှားသူတွေကို အဆက်မပြတ် ဖိနှိပ်ချေမှုန်းပြီး လူငယ်မျိုးဆက်တွေကို ဆန္ဒပြမှုကနေတစ်ဆင့် ထောင်သွင်းအကျဉ်းချခဲ့တယ်လို့ ဝေါင်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။  

အစိုးရဆန့်ကျင်သူတွေဖြစ်တဲ့ အီဗန်လမ် (Ivan Lam) ၊  အက်ဂ်နက်စ်ချောင် (Agnes Chow) တို့နဲ့အတူ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဝေါင်တို့ဟာ ပြီးခဲ့တဲ့နွေက ဟောင်ကောင်ရဲဌာနချုပ်ရုံးပြင်ပမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအတွင်းပါဝင်ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly