ပဋိပက္ခဖြစ်ပွားနေသည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊လိုတရပေါက်စီစက်ရုံမှ ကလေးငယ် ၁၀ ဦးတွင် ကိုဗစ်ရောဂါတွေ့ရှိ

ပဋိပက္ခဖြစ်ပွားနေသည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊လိုတရပေါက်စီစက်ရုံမှ ကလေးငယ် ၁၀ ဦးတွင် ကိုဗစ်ရောဂါတွေ့ရှိ
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

နိုဝင်ဘာ ၂၁ရက်

ကလေးငယ်များကိုဝှက်ထားပြီး ညှင်းပန်းနှိပ်စက်သည်ဟု သတင်းများပျံနှံခဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၊(၈၇)ရပ်ကွက်၊မဂ္ဂလမ်းထိပ်ရှိ လိုတရ-ရွှေစံလှပေါင်မုန့်၊ပေါက်စီစက်ရုံမှ ကလေးငယ် ၁၀ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ ထားကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာက အတည်ပြုပြောကြားသည်။ “ကလေး၁၀ဦးမှာပိုးတွေ့ပါတယ်။ အခုတော့ ဆေးကုသမှုခံယူနေပါတယ်။ ကျန်တဲ့ကလေးတွေကိုလည်း စောင့်ကြည့်နေပါတယ်” ဟု ရဲမှူးကျော်စွာက ပြောကြားသည်။

နိုဝင်ဘာ ၁၉ရက်နေ့ ညပိုင်းက လိုတရပေါင်မုန့်၊ပေါက်စီစက်ရုံတွင် စက်ရုံပိုင်ရှင်မှ အလုပ်လုပ်ကိုင်နေသော ကလေးငယ်တစ်ဦးအား ရိုက်နှက်ခဲ့သည့်အတွက် ကလေးငယ်မှအနီးပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သည်။

တိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့က စက်ရုံအတွင်းရှိ ကလေးငယ် ၁၈ ဦးအား ခေါ်ယူထိန်းသိမ်းစောင့်ရှောက် ခဲ့သည်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ထို့နောက် ကလေးငယ်များနေထိုင်ရာ ဇာတိမြို့ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်သို့ ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်ကာလဖြစ်ခြင်းကြောင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာနတွင် ခေတ္တထားရှိရန်ဆုံးဖြတ်ခဲ့ပြီး ကလေးငယ် ၁၈ ဦးအား ကိုဗစ်ရောဂါရှိ၊မရှိစစ်ဆေးခဲ့ရာ ကလေးငယ် ၁၀ ဦး ၌ ကိုဗစ်ရောဂါတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားမှုကြောင့် နိုဝင်ဘာ ၂၀ရက်နံနက်ပိုင်းတွင် ကလေးငယ်များကိုဝှက်ထားပြီး ညှင်းပန်းနှိပ်စက် သည်ဟု သတင်းများပျံနှံ့ခဲ့သည့်အတွက် ရပ်ကွက်နေပြည်သူများမှစက်ရုံအရှေ့သို့ စုဝေးရောက်ရှိလာပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စုဝေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ သည်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

နိုဝင်ဘာ ၂၀ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စက်ရုံအတွင်း ကလေးငယ်များထပ်မံရှိ၊မရှိ ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုမှုများကြောင့် ရဲတပ်ဖွဲ့က ရပ်ကွက်လူထုကိုယ်စားလှယ်များ၊သတင်းမီဒီယာများနှင့် ရပ်ကွက်အုပ်ချုပ် ရေးပိုင်းတာဝန်ရှိသူများအား စက်ရုံအတွင်းဝင်ရောက်ကြည့်ရှု့ခွင့်ပြုခဲ့ရာ စက်ရုံအတွင်း ကလေးငယ်များ ထပ်မံမတွေ့ရှိကြောင်း သိရသည်။

သို့သော် လူစုလူဝေးမှာ ကွဲသွားခြင်းမရှိဘဲ ရဲတပ်ဖွဲ့နှင့်ဒေသခံပြည်သူများကြား ပဋိပက္ခဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့ က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ပဋိပက္ခဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ပဋိပက္ခအတွင်းပါဝင်ခဲ့ သူ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

လက်ရှိတွင် ကလေးငယ်များအား ညှင်းပန်းနှိပ်စက်သည်ဆိုသည့် အလုပ်ရုံပိုင်ရှင်အမျိုးသားဦးကိုလည်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက နာကျင်စေမှု၊လုပ်ငန်းလိုင်စင်မရှိဘဲလုပ်ကိုင်သည့်အတွက်စည်ပင်သာယာဉပဒေ အမှုဖြင့်အရေးယူထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly