ဟာရီကိန်းမုန်တိုင်း အိုင်အိုတာ တိုက်ခတ်မှုကြောင့် ဗဟိုအမေရိကဒေသမှာ လူ ၄၀ ကျော် သေဆုံး 

ဟာရီကိန်းမုန်တိုင်း အိုင်အိုတာ တိုက်ခတ်မှုကြောင့် ဗဟိုအမေရိကဒေသမှာ လူ ၄၀ ကျော် သေဆုံး 
Photo - AFP

နိုဝင်ဘာ ၂၀ 

ဗဟိုအမေရိကဒေသရှိ နိုင်ငံတွေမှာ အင်အားပြင်းထန်တဲ့ အိုင်အိုတာ (Iota) ဟာရီကိန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီးနောက် လူ ၄၄ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ဗဟိုအမေရိကနိုင်ငံတွေမှာ ဟာရီကိန်းမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးမှု ပမာဏကို စတင်တွက်ချက်နေပြီ ဖြစ်သလို နိုဝင်ဘာ ၁၉ ရက်မှာ ကယ်ဆယ်ရေးလုပ်သားတွေဟာ ရွှံ့နွံတွေထဲ တူးဖော်ပြီး ရုပ်အလောင်းတွေကို ရှာဖွေနေခဲ့ကြပါတယ်။ 

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ကနဦး တွက်ချက်ခန့်မှန်းမှုတွေအရ ဆင်းရဲနွမ်းပါးတဲ့ ဗဟိုအမေရိက ဒေသတစ်ခွင်မှာ ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရသူအရေအတွက်ဟာ ကလေးငယ် ၁ ဒသမ ၈ သန်း အပါအဝင် စုစုပေါင်း ၄ ဒသမ ၆ သန်းအထိ ရှိလိမ့်မယ်လို့ သိရပါတယ်။ 

မုန်တိုင်းဒဏ် အဆိုးဆုံး ခံခဲ့ရသည့် ဧရိယာတွေထဲမှာတော့ နီကာရာဂွာ နိုင်ငံ မြောက်ပိုင်း မာတာဂယ်လ်ပါ ဒေသက ပန်နက်စ် ဒီ ဘလန်ကာ တောင်ကုန်းဒေသတွေဖြစ်ပါတယ်။  

ယင်းဒေသမှာ နိုဝင်ဘာ ၁၇ ရက်မှာ မြေပြိုမှုတစ်ခုကြောင့် ကလေးငယ် ခြောက်ဦးအပါအဝင် လူကိုးဦး သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေခဲ့ပါတယ်။ 

အိုင်အိုတာ မုန်တိုင်းကတော့  ပြင်းအားအဆင့် ၅ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုအဖြစ် နိုဝင်ဘာ ၁၆ ရက်က နီကာရာဂွာနိုင်ငံ အနောက်မြောက်ပိုင်းကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ 

ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ တဖြည်းဖြည်းချင်း အားလျော့သွားခဲ့တဲ့ ဒီ မုန်တိုင်းက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဟာရီကိန်း အက်တာ (Eta) ကြောင့် ထိခိုက်ထားပြီးဖြစ်တဲ့ ဧရိယာတွေကို ထပ်မံ ထိခိုက်ပျက်စီးစေခဲ့တာဖြစ်ပါတယ်။ 

ဟွန်ဒူးရပ်စ်၊ နီကာရာဂွာနဲ့ ဂွာတီမာလာ တို့မှာ မုန်တိုင်းကြောင့် မိုးကြီးရေကြီးမှုတွေနဲ့အတူ မြေဆီလွှာတွေ စိုးရွှဲမှုတွေ ရှိနေတာကြောင့် မြေပြိုမှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိနိုင်တယ်ဆိုပြီးတော့လည်း အမေရိကန် အမျိုသား ဟာရီကိန်း စင်တာက သတိပေးထားပါတယ်။ 

ဟွန်ဒူးရပ်စ်မှာတော့ မြေပြိုမှုတွေကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယင်းနိုင်ငံရဲ့ အရပ်ဘက် ကာကွယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။  

ဂွာတီမာလာမှာလည်း မုန်တိုင်းကြောင့် တံတားတွေ၊ လမ်းတွေ ပျက်စီးခဲ့ပြီး နေအိမ်အများအပြားလည်း ရေကြီးမှုအတွင်း မျောပါသွားခဲ့တဲ့နောက် အခြေအနေကို အကဲဖြတ်ဖို့ သမ္မတ အလီဂျန်ဒရို ဂျီယမ်မက်တေက အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးတစ်ခုကို ခေါ်ယူခဲ့ရပါတယ်။ 

လက်ရှိအချိန်မှာ ဟာရီကိန်းမုန်တိုင်းတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာ အကူအညီရရှိရေးအတွက် ယခုအပတ်ထဲမှာ ဗဟိုအမေရိက အစိုးရတွေ တောင်းဆိုခဲ့ကြပါတယ်။ 

ဥရောပသမဂ္ဂကတော့ နီကာရာဂွာအတွက် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၁၀ သန်းကျော် ချပေးမယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမေရိကန် အေဂျင်စီကလည်း အကူအညီအနေနဲ့ ဒေါ်လာ ၁၇ သန်း လှူဒါန်းမယ်လို့ ပြောပါတယ်။ 

ဗဟိုအမေရိက ဒေသအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ကျခံပံ့ပိုးပေးနိုင်ဖို့ ဒေါ်လာ ၄၂ သန်းကျော် လိုအပ်နေတယ်လို့ ယူနီဆက်ဖ်က တောင်းခံထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly