အကြံအဖန်ရွေးကောက်ပွဲကြောင့် ဘိုင်ဒင် အနိုင်ရခဲ့ဟု ရီပတ်ဘလစ်ကန် တစ်ဝက်ခန့်က ပြော 

အကြံအဖန်ရွေးကောက်ပွဲကြောင့် ဘိုင်ဒင် အနိုင်ရခဲ့ဟု ရီပတ်ဘလစ်ကန် တစ်ဝက်ခန့်က ပြော 

နိုဝင်ဘာ ၁၉ 

အမေရိကန်ရွေးကောက်ပွဲ၌ သမ္မတဒေါ်နယ်ထရမ့် တရားသဖြင့် အနိုင်ရခဲ့သည်ဟု ရီပတ်ဘလစ်ကန်ပါတီ ထောက်ခံသူအားလုံးအနက် တစ်ဝက်လောက်က ယုံကြည်နေကြကြောင်း ရိုက်တာနှင့် Ipsos ကုမ္ပဏီ၏ လူထုသဘောထားစစ်တမ်းသစ်တစ်ရပ်က ဖော်ပြသည်။ သို့သော် အဆိုပါ အနိုင်ရရှိမှုကို ဒီမိုကရက်တစ် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဘက် အလေးသာစေခဲ့သည့် ပျံ့နှံ့ဖြစ်ပေါ်ခဲ့သော မဲဆန္ဒရှင်ဆိုင်ရာ မရိုးမဖြောင့်မှုများဖြင့် ထရမ့်ထံမှ ခိုးယူသွားခဲ့သည်ဟု ရီပတ်ဘလစ်ကန် တစ်ဝက်လောက်က ယုံကြည်နေကြသည်ဟုလည်း ယင်းစစ်တမ်းအရ သိရသည်။ 

Popular vote (ရွေးကောက်ပွဲနေ့တွင် တစ်နိုင်ငံလုံးတွင် ရှိသည့် မဲဆန္ဒရှင်များ ထည့်လိုက်သည့် မဲ) နှင့် Electoral College (သမ္မတ ရွေးချယ်ပိုင်ခွင့် ရှိသည့် ကိုယ်စားလှယ်) နှစ်ခုစလုံးတွင် ဘိုင်ဒင်၏ အနိုင်ရရှိမှုအပေါ် ထရမ့်ဘက်က ပွင့်ပွင့်လင်းလင်း ဖီဆန်နေခြင်းက အမေရိကန် ဒီမိုကရေစီနှင့်ပတ်သက်၍ အများပြည်သူ အထူးသဖြင့် ရီပတ်ဘလစ်ကန်များအကြား ယုံကြည်မှုအပေါ် ထိခိုက်စေပုံရကြောင်းကို နိုဝင်ဘာ ၁၃-၁၇ လူထုသဘောထားစစ်တမ်းက ပြသနေခဲ့သည်။ 

ခြုံကြည့်လိုက်မည့် ဆိုပါက စစ်တမ်း ကောက်ယူခဲ့သူများအနက် ၇၃ ရာခိုင်နှုန်းက ရွေးကောက်ပွဲတွင် ဘိုင်ဒင် အနိုင်ရခဲ့သည်ကို သဘောတူခဲ့ချိန် ၅ ရာခိုင်နှုန်းက ထရမ့် အနိုင်ရခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ဘိုင်ဒင် တရားသဖြင့် အနိုင်ရခဲ့သလား ဆိုသည်နှင့်ပတ်သက်၍ သေသေချာချာ မေးမြန်းခဲ့ရာတွင် ရီပတ်ဘလစ်ကန်များက ၎င်းတို့အနေဖြင့် ဘိုင်ဒင် မည်သို့မည်ပုံ အောင်ပွဲ ရခဲ့သလဲ ဆိုသည်နှင့်ပတ်သက်၍ သံသယဖြစ်နေခဲ့ကြသည်ကို ပြသနေခဲ့သည်။ 

ရီပတ်ဘလစ်ကန် ၅၂ ရာခိုင်နှုန်းက ထရမ့်သာ တရားသဖြင့် အနိုင်ရခဲ့သည်ဟု ပြောကြားခဲ့ပြီး ၂၉ ရာခိုင်နှုန်းကသာလျင် ဘိုင်ဒင် တရားသဖြင့် နိုင်ခဲ့သည်ဟု ပြောခဲ့သည်။ 

ပြည်နယ် မဲရေတွက်သူများက ရလဒ်ကို ဘိုင်ဒင်ဘက် အလေးသာအောင် တိမ်းစေခဲ့သည်နှင့်ပတ်သက်၍ ရီပတ်ဘလစ်ကန်များက အခြားသူများထက် မည်သည့်အတွက်ကြောင့် ပိုမို စိုးရိမ်ပူပန်ခဲ့သလဲ ဆိုသည်ကို မေးမြန်းရာတွင် ရီပတ်ဘလစ်ကန် ၆၈ ရာခိုင်နှုန်းက ၎င်းတို့သည် ရွေးကောက်ပွဲ အကြံအဖန် လုပ်ခံရမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခဲ့ကြောင်း ပြောကြားခဲ့ကြပြီး ဒီမိုကရက် ၁၆ ရာခိုင်နှုန်းခန့်သာလျင်နှင့် တစ်သီးပုဂ္ဂလ သုံးပုံတစ်ပုံလောက်က အလားတူအတိုင်း စိုးရိမ်ပူပန်ခဲ့ကြသည်ဟု သိရသည်။ 

၂၀၁၆ ရွေးကောက်ပွဲ အနိုင်ရရှိမှု မတိုင်ခင်ကတောင်မှ ထရမ့်သည် ရွေးကောက်ပွဲ မဲပေးမှုလုပ်ငန်းစဉ်အပေါ် စောဒကတက်မှု စည်းချက်တစ်ရပ်ကို ထိန်းသိမ်းထားခဲ့ပြီး ၎င်းအပေါ် မမျှမတ ဖြစ်စေသည် ဆိုသည်နှင့်ပတ်သက်၍ သက်သေအထောက်အထား မပါဘဲ ပြောဆိုခဲ့သည်။ 

ဘိုင်ဒင်သည် အိမ်ဖြူတော်သို့ ခြေချရန်အတွက် လုံလောက်သည့် ကိုယ်စားလှယ်မဲအရေအတွက်ကို နိုဝင်ဘာ ၇ ရက်တွင် စုဆောင်းရရှိသွားခဲ့ပြီးနောက်ပိုင်း ထရမ့်သည် ဝေဖန်မှုများကို အရှိန်မြှင့်ခဲ့ပြီး ၎င်းသည် ပျံ့နှံ့ဖြစ်ပေါ်ခဲ့သော တရားဥပဒေနှင့် ဆန့်ကျင်သည့် မဲပေးခြင်း၏ သားကောင်ဖြစ်ခဲ့ရသည်ဟု ၎င်းအပေါ် ထောက်ခံသူများကို ပြောခဲ့သည်။ 

သို့သော် ထရမ့်သည် ၎င်း၏ အထက်ပါ ပြောဆိုချက်များအတွက် သက်သေအထောက်အထား ပေးနိုင်ခဲ့ခြင်း မရှိသလို တရားရုံးတွင်လည်း ယင်းတို့နှင့်ပတ်သက်၍ ထောက်ခံနိုင်ခြင်း မရှိခဲ့ပေ။ မီချီဂန်၊ ဂျော်ဂျီယာ၊ ပန်ဆယ်လ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင် တို့တွင် ဖက်ဒရယ် ရွေးကောက်ပွဲ တရားစွဲဆိုမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ရီပတ်ဘလစ်ကန်များက ယခုအပတ်တွင် ကြေညာခဲ့သည်။ 

ယခု စစ်တမ်းအရ ပြီးခဲ့သည့် လေးနှစ်နှင့် ယှဉ်ပါက ယခု အမေရိကန် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ပိုမို သံသယဖြစ်ပုံရသည့် အမေရိကန်ပြည်သူ ပိုများနေသည်ကို ပြသနေခဲ့သည်။ 

ခြုံကြည့်ပါက အမေရိကန်၌ အရွယ်ရောက်ပြီး လူကြီးများအနက် ၅၅ ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် နိုဝင်ဘာ ၃ သမ္မတ ရွေးကောက်ပွဲသည် တရားဝင်ဖြစ်ပြီး မှန်ကန်တိကျသည်ဟု ယုံကြည်ကြောင်း ပြောခဲ့ကြသည်။ ယင်းသည် ၂၀၁၆ ရွေးကောက်ပွဲအပြီး လုပ်ဆောင်ခဲ့သည့် အလားတူ စစ်တမ်းတစ်ရပ်နှင့် ယှဉ်ပါက ၇ ပွိုင့် ကျသွားခဲ့သည်။ ရွေးကောက်ပွဲသည် တရားဥပဒေနှင့် ဆန့်ကျင်သော မဲပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲ အကြံအဖန်လုပ်ခြင်း၏ ရလဒ်ဖြစ်သည်ဟု ထင်မြင်ကြောင်း ပြောဆိုခဲ့သည့် ၂၈ ရာခိုင်နှုန်းသည် ပြီးခဲ့သည့်လေးနှစ်ကထက် ၁၂ ပွိုင့် တက်လာခဲ့သည်။ 

ပြီးခဲ့သည့် လေးနှစ်အကြာက ဟီလာရီ ကလင်တန် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ချိန် အရှုံးနှင့်ပတ်သက်၍ ဒီမိုကရက်များ သံသယဖြစ်ခဲ့မှုထက်စာရင် ယခုနှစ် ထရမ့် အရေးနိမ့်မှုအပေါ် ရီပတ်ဘလစ်ကန်များက ပိုမို သံသယဖြစ်ဖွယ် ရှိကြောင်း စစ်တမ်းက ပြသနေခဲ့သည်။ 

၂၀၁၆ ခုနှစ်က ရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးသက်ရောက်ရန် ရုရှား၏ ကြိုးပမ်းမှု ရှိခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်ထားခဲ့သည်တောင်မှ ဟီလာရီ ကလင်တန်၏ ထရမ့်ကို ရှုံးနိမ့်မှုက တရားဝင်ဖြစ်ပြီး မှန်ကန်တိကျမှုရှိသည်ဟု ဒီမိုကရက် ၅၂ ရာခိုင်နှုန်းက ပြောခဲ့ကြသည်။ ယခုနှစ်တွင် ရီပတ်ဘလစ်ကန် ၂၆ ရာခိုင်နှုန်းကသာလျင် ထရမ့် ရှုံးနိမ့်မှုက အလားတူအတိုင်း တရားဝင် ဖြစ်သည်ဟု ထင်မြင်ကြောင်း ပြောခဲ့ကြသည်။ 

ရိုက်တာ / Ipsos စစ်တမ်းသည် အမေရိကန်နိုင်ငံတဝန်း အင်္ဂလိပ်ဘာသာဖြင့် အွန်လိုင်းကနေ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ဒီမိုကရက် ၅၉၈ ဦး နှင့် ရီပတ်ဘလစ်ကန် ၄၉၆ ဦးအပါအဝင် ဖြေဆိုသူပေါင်း ၁,၃၄၆ ဦးဆီမှ အဖြေများ စုဆောင်းနိုင်ခဲ့ပြီး တိကျမှု အတိုင်းအတာတစ်ခုဖြစ်သည့် credibility interval  ၅ ရာခိုင်နှုန်းပွိုင့် ရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required