သန်လျင် သဘာဝ တရားရိပ်သာတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၉ ဦးနှင့် ကူးစက်ခံရသူ ၄ဝဝ ကျော်ရှိ 

သန်လျင် သဘာဝ တရားရိပ်သာတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၉ ဦးနှင့် ကူးစက်ခံရသူ ၄ဝဝ ကျော်ရှိ 

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ကိုးဦးနှင့် ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၄ဝဝ ကျော်ရှိကြောင်း ရိပ်သာ၏ ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကျော်ဇင်သန့်က မဇ္ဈိမကို ပြောသည်။ 

ကိုဗစ်ရောဂါကြောင့် သေဆုံးသူအားလုံးမှာ အသက် ၇ဝ နှင့် ၉ဝ ကြား အဘိုးအဘွားများ ဖြစ်ကြောင်းလည်း သိရသည်။ 

“လူမမာတွေ၊ သက်ကြီးရွယ်အိုတွေ ရှိတဲ့ဘက်အခြမ်းကို အရင်စစ်ထားတာပါ။ ဒီမှာတော့ ဘာပဲပြောပြော ဒီလောက် လူမမာတွေ၊ အဘိုးအဘွားတွေ ရှိနေတဲ့အထဲ ကိုးဦးလောက်ပဲ သေဆုံးတယ်ဆိုတော့ ဒါတော်တော် ကံကောင်းတယ်လို့ ပြောရမှာပေါ့နော်။ အစိုးရက လိုအပ်တဲ့ ကိုဗစ်ကာကွယ်ရေး အစီအစဉ်တွေကို တိုင်းကျန်မာရေး အစီအစဉ်နဲ့ ဆောင်ရွက်နေတာရှိပါတယ်” ဟု ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကျော်ဇင်သန့်က ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ လယ်ခန့်က ရိပ်သာမှ သံဃာတော်တစ်ပါး ဆေးရုံတက်ရောက်ခဲ့ရပြီး ကိုဗစ်ပိုးတွေ့ရှိခဲ့ရာ ရိပ်သာကို အဝင်အထွက် ပိတ်ပင်မှု lockdown ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ရိပ်သာတွင် ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လူ ၂၄ဝဝ ကျော်ကို စစ်ဆေးခဲ့ပြီး ၄ဝ၇ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သံဃာတော် ၁၆ ပါး၊ သီလရှင် အပါး ၇ဝ၊ အမျိုးသမီးယောဂီ ၁၇၆ ဦး၊ အမျိုးသားယောဂီ ၁၄၅ ဦး၊ စုစုပေါင်း ၄ဝ၇ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပဓာနနာယက ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဥတ္တမသာရကို ကိုဗစ်ရှိ၊ မရှိ စစ်ဆေးရာတွင်မူ ပိုးမတွေ့ရှိရကြောင်း သိရသည်။ 

ရိပ်သာမှ ကိုဗစ်ပိုး တွေ့ရှိသူများကို သန်လျင် ပြည်သူ့ဆေးရုံကြီး၊ ဧရာဝတီ စင်တာ၊ အောင်မြင့်မိုရ် ကိုဗစ်စင်တာ၊ Fortune စင်တာ၊ အင်းလျား စင်တာ၊ ဖောင်ကြီး ကုသရေးဌာနနှင့် သဘာဝ တရားရိပ်သာ အတွင်းရှိ အဆောင်အချို့တွင် ကုသပေးလျှက်ရှိပြီး အများစုမှာ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။  

သန်လျင် သဘာဝ တရားရိပ်သာတွင် သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် အဘိုးအဘွား လူပုဂ္ဂိုလ် စုစုပေါင်း ၄၀၀၀ ကျော်ရှိပြီး ကျန်ရှိသူများကိုလည်း ကိုဗစ် ရှိ၊ မရှိ ဆက်လက် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required