ထောက်ပံ့ကြေးမရသူများအနေဖြင့် တိုင်ကြားနိုင်မည့် ဌာနများနှင့် ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ

ထောက်ပံ့ကြေးမရသူများအနေဖြင့် တိုင်ကြားနိုင်မည့် ဌာနများနှင့် ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ
ပုံစာ - မင်္ဂလာဒုံမြို့နယ် တွင်နိုဝင်ဘာလ ၁၅ရက်နေ့က အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ထောက်ပံ့ငွေ ၄၀၀၀၀ကိစ္စ စုရုံးရောက်ရှိနေစဉ်။ ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ် ထောက်ပံ့ကြေးများ မရရှိသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအနေဖြင့် သတ်မှတ်ထောက်ပံ့ငွေအတိုင်း မရရှိပါက တိုင်ကြားနိုင်မည့် တိုင်ကြားစာ ဖြေရှင်းဌာနများကို မြို့နယ်များအလိုက် ဖွင့်လှစ်ထားပြီး ၎င်းဌာနများသို့ တိုင်ကြားနိုင်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့နယ်များအလိုက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများထံ တိုင်ကြားနိုင်ပြီး တိုင်ကြားရမည့် ပုဂ္ဂိုလ်များနှင့် ဖုန်းနံပါတ်များကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထောက်ပံ့ကြေးမရသူများအနေဖြင့် တိုင်ကြားနိုင်မည့် ဌာနများကို ဖွင့်လှစ်ရန်စီစဉ်နေကြောင်း နိုဝင်ဘာ ၁၆ ရက်ညက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားခဲ့ပြီး နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ တိုင်ကြားနိုင်သည့် ဌာနများနှင့် ဖုန်းနံပါတ်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှ ချန်ခဲ့ဖို့ မရှိပါဘူး။ ဘယ်သူ့ကိုမှလည်း ချန်ခဲ့မှာ မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ကျန်ခဲ့တယ်ဆိုရင် အခုဒီဟာကို တိုင်ကြားနိုင်တဲ့ ဌာနတွေကို စပြီးတော့ ဖွင့်ပါပြီ။ တိုင်ကြားနိုင်ပါတယ်။ ကိုယ့်မိသားစုကျန်ရစ်ခဲ့တယ်ဆိုရင် ကျန်ရစ်ခဲ့တယ်။ တစ်ယောက်တည်းသမားမလို့လည်း ကိုယ့်ရပိုင်ခွင့်ကို မရဘူးဆို တိုင်လို့ ရပါတယ်။ အေးအေးဆေးဆေးနဲ့ တိုင်စာဌာနမှာ တိုင်ကြပါ။ အခြေအနေ ဘယ်လိုဖြစ်တာလဲဆိုတာ ပြောကြပါ။ ကျွန်မတို့ ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကိုမှ ထားခဲ့မှာ မဟုတ်ပါဘူး။ အကယ်၍ ကျန်ခဲ့တယ်ဆိုရင် ပြန်ပြီးတော့ ပံ့ပိုးပေးမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က  ပြောသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာလ ၁၆ ရက်နေ့ညက ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ငွေအဖြစ် Stay at Home သတ်မှတ်မြို့နယ်များမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် လေးသောင်း၊ ကျန်မြို့နယ်များမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် နိုဝင်ဘာလ ၁ဝ ရက်နေ့မှစပြီး ထောက်ပံ့ခဲ့ခြင်းဖြစ်ရာ ထောက်ပံ့ငွေမရသူအများအပြားရှိခဲ့သည့်အတွက် အချို့မြို့နယ်များတွင် လူစုလူဝေးဖြင့် တောင်းဆိုမှုများရှိခဲ့သည်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးစံပြကျေးရွာအုပ်စု၊ မြရတနာမြို့သစ်မှ မသန်စွမ်းတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ယုက “အဲ့ဒီထောက်ပံ့ငွေကိစ္စကတော့ ဒါနဲ့ဆို ငါးကြိမ်ငါးခါရှိပြီပေါ့နော်။ အန်တီကိုယ်တိုင် မသန်စွမ်း ဈေးရောင်းစားနေတယ်။ အန်တီတို့မှာ ဝန်ထမ်းတစ်ယောက်မှ မရှိဘူး။ အိမ်ကုန်စုံဆိုင်လေးရောင်းစားပါတယ်။ တစ်ခါမှ အန်တီမရရှိပါဘူး။ ငါးကြိမ်လုံးပေါ့နော်။ အန်တီတို့ မြရတနာမြို့သစ်မှာ အိမ်ထောင်စုစာရင်းတစ်ထောင်ကျော်ဟာ လုံးဝမရရှိသေးပါဘူး။ အခု လေးသောင်းကိစ္စမှာမှ ၁၈၅ ယောက်တိုးလို့ ၃၂၁ စာပဲ ရပါတယ်။ အဲ့ဒီတော့ အန်တီနဲ့ အလားတူ လက်လုပ်လက်စားတွေ၊ တကယ်အိမ်ခြေမဲ့၊ ယာခြေမဲ့၊ အိမ်ငှားတွေကို ရစေချင်ပါတယ်။ အန်တီမရရင်တောင် သူတို့ကို ရစေချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ယခင်အခြေခံစားသောက်ကုန်ဖြန့်ဝေခဲ့သည့် စာရင်းနှင့် ထိုသို့ပေးဝေရာတွင် ကျန်နေခဲ့သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများကို ထပ်မံကောက်ယူထားသည့်စာရင်းတို့ကို ပေါင်းကာ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ခြင်းဖြစ်သည်။

အဆိုပါထောက်ပံ့ကြေးပေးအပ်ရာတွင် အိမ်ထောင်စုပေါင်း ၆.၁ သန်းခန့်အတွက် ငွေကျပ် ၁၆၄ ဘီလီယံခန့် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required