စွမ်းရည်ထက်မြက်သူအများစုဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်ပြော 

စွမ်းရည်ထက်မြက်သူအများစုဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်ပြော 
Photo - EPA

နိုဝင်ဘာ ၁၇ ရက်  

၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းမည့် အစိုးရအဖွဲ့အသစ်အား စွမ်းရည်ထက်မြက်သည့် ဝန်ကြီးအများစုဖြင့် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။  

နိုဝင်ဘာ ၁၇ ရက်နေ့က Zoom Meeting နှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။  

" သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ဒီတစ်ခါကတော့ ပြည်သူ့အသံနဲ့ တကယ့်ကို စွမ်းဆောင်ရည် ထက်မြက်တဲ့ ဝန်ကြီးတွေ ရွေးဖို့ကတော့ ရာခိုင်နှုန်း တော်တော်များများ သေချာသလောက်ရှိပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ ကြိုက်ခြင်း၊ မကြိုက်ခြင်းက တစ်ပိုင်း၊ အရည်အချင်းရှိတယ်၊ မရှိဘူးဆိုတဲ့ အပိုင်းက တစ်ပိုင်းပေါ့။”ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။ 

ဝန်ကြီးနေရာများသည် နိုင်ငံရေးဆိုင်ရာ မူဝါဒများကိုအကောင်အထည်ဖော်ရသည့် ရာထူးတာဝန်ဖြစ်သဖြင့် နိုင်ငံရေး အတွေ့အကြုံရှိသူများကို တာဝန်ပေးရန် အကြံပေးသူများ ရှိသကဲ့သို့ နိုင်ငံတည်ဆောက်ရေးကာလ တွင် လိုအပ်သည့် ပညာရှင်များကိုလည်း ထည့်သွင်းရန် အကြံပြုချက်များရှိသောကြောင့် အစိုးရအဖွဲ့အတွင်း အချိုး ညီညီထည့်သွင်းနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၁၁၄၃ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ အပါအဝင် စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၉၂၀ ဦး အနိုင်ရရှိခဲ့သည်။  

ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်မည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ကို ပေါင်းစည်း ထားသော ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၃၉၆ ဦး အနိုင်ရရှိထားခြင်းကြောင့် အစိုးရသစ် တစ်ရပ်ကို ဖွဲ့စည်းခွင့်ရရှိနိုင်မည်ဖြစ်သည်။ 

" ၅နှစ်အတွေ့အကြုံရှိပြီးပြီ။ ပြည်သူတွေမနှစ်သက်တဲ့ စွမ်းဆောင်ရည်မကောင်းတဲ့ ဝန်ကြီးတွေ ဘယ်သူတွေလဲဆိုတာလဲ ဒီလိုပဲပြောနေကြတာပေါ့ဗျာ။ ဝေဖန်နေကြတာတွေ ရှိတာပေါ့။ ဒါပေမယ့်လည်း စွမ်းဆောင်ရည်ဆိုတာကို ကျွန်တော်တို့တွေက မှတ်ချက်တွေ သတ်မှတ်ထားတာတွေရှိပါတယ်။ အရမ်းကာရောကြီးကတော့ အဟောင်းတွေမို့လို့ အရမ်းအတွေ့အကြုံရှိလို့ အစိုးရအဖွဲ့ထဲ မှာ ပြန်ထည့်မယ်ဆိုတာကတော့ ကျွန်တော်ထင်ပါတယ် မဖြစ်နိုင်ပါဘူး။"ဟု ၎င်းက ပြောသည်။  

၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်တွင် ပြည်သူနှင့် တိုင်းပြည်အပေါ် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မည့် အစိုးရအဖွဲ့ဝင်မျိုး ရွေးချယ်သွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။  

NLD ပါတီ ဦးဆောင်ဖွဲ့စည်းခဲ့သော လက်ရှိအစိုးရသက်တမ်းကာလအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် အချို့နှင့် ပြည်ထောင်စုဝန်ကြီး အချို့၏ ဆောင်ရွက်ချက်များအပေါ် ပြည်သူများအကြား ဝေဖန်မှုများ ရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required