စံသတ်မှတ်ချက်နှင့်မညီဘဲ ကိုဗစ်ထောက်ပံ့ကြေးပေးသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု ပဲခူးဝန်ကြီးချုပ်ပြော

စံသတ်မှတ်ချက်နှင့်မညီဘဲ ကိုဗစ်ထောက်ပံ့ကြေးပေးသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု ပဲခူးဝန်ကြီးချုပ်ပြော
ဓာတ်ပုံ- Bago Region Government Office

နိုဝင်ဘာ ၁၆ ၊ ၂၀၂၀

သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်မညီဘဲ ကိုဗစ်ထောက်ပံ့ငွေပေးအပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ပဲခူတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မဇ္ဈိမ မီဒီယာ၏ သီးသန့်အင်တာဗျူးအစီအစဉ်တွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“ နိုင်ငံတော်က ပေးတဲ့အခါမှာ လက်ရှိ ဘဏ္ဍာငွေအလိုက် အချိုးကျပေးတဲ့အခါမှာ ပဲခူးတိုင်းမှာ ဆင်းရဲတဲ့ပြည်သူ နည်းနည်းလေးများပါတယ်။ များတဲ့ကိန်းဂဏန်းမှာရှိတယ်။ များတဲ့အခါကျတော့ အုပ်ချုပ် ရေးမှူးတွေက နာမည်စာရင်းပေးတဲ့အခါမှာ အနည်းလေးတော့ ဝေခွဲရတာရှိတာပေါ့။ ခေါင်းရွက်ဗျက်ထိုး သမားချင်းတူရင်တောင်မှပဲ ဘယ်သူ့ကို ပေးရမယ်ဆိုတာဝေခွဲရတာရှိတယ်။ ဘာကြောင့်လဲဆိုတော့ အကုန်မပေးနိုင်ဘူး။ အဲဒီနေရာတွေမှာ အုပ်ချုပ်စီမံမှုအပိုင်းတွေမှာ တိုင်တာတောတာတွေရှိနိုင်တယ်။ သို့သော် လည်းပဲ ဒီတိုင်တာတောတာတွေ ကိုဖြေရှင်းပေးတဲ့နေရာမှာ မလိုလားအပ်ဘဲနဲ့ မော်တော် ကားပိုင်ရှင်တွေ ရွှေကုန်သည်တွေ လုပ်ငန်းရှင်တွေ ကိုသွားပေးရင်တော့ ကျွန်တော်တို့ရဲ့ သတ်မှတ်ထားတဲ့ စံ သတ်မှ တ်ချက်ရှိ ပါတယ်။ အဲဒီစံနဲ့ ကိုက်ညီမှုမရှိဘူး ဆိုရင်တော့ အရေးယူရပါလိမ့်မယ်” ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့၊ သနပ်ပင်မြို့နှင့် ကဝမြို့နယ် သုံးမြို့နယ်ကို Stay at Home သတ်မှတ်ထားသဖြင့် ၎င်းမြို့နယ်များရှိ အခြေခံပြည်သူများကို ကျပ်လေးသောင်းနှင့် Stay at Home သတ်မှတ်ထားခြင်းမရှိသည့် အခြားမြို့နယ် ၂၅မြို့နယ်ရှိအခြေခံပြည်သူများကို ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့ကြေးပေးအပ်ရန် ခွဲဝေပေး ထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြောသည်။

တပြေးညီ ငွေကျပ် လေးသောင်းမရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းဆန္ဒထုတ်ဖော်မှုများရှိသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ထောက်ပံ့ ကြေးမရသူများ၊ သတ်မှတ်နှုန်းထား အပြည့်အဝ မရရှိသူများ ရှိနေကြောင်း သိရသည်။

အခြေခံပြည်သူများကို ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ ပြည်သူအချို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို နုတ်ထွက်ပေးရန် တောင်းဆိုမှုများလည်း ရှိလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly