လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းဝင်ရောက်သူများ သင်္ဘော မှောက်တာကြောင့် လူ ၇၀ ကျော် သေဆုံး 

လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းဝင်ရောက်သူများ သင်္ဘော မှောက်တာကြောင့် လူ ၇၀ ကျော် သေဆုံး 
Photo - AFP

နိုဝင်ဘာ ၁၃ ၊ ၂၀၂၀

လစ်ဗျားကမ်းလွန်မှာ ကြာသပတေးနေ့က စိတ်မကောင်းရာ သင်္ဘောမှောက်မှုမှာ ရွှေ့ပြောင်းအခြေချသူ ၇၄ ဦး သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ 

မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ စက်လှေ၊ သင်္ဘော နစ်မြုပ်မှုတွေမှာ နောက်ဆုံး ယူကျုးမရစရာ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ 

ဥရောပဆီ သွားရောက်ဖို့ မျှော်လင့်ချက်နဲ့ မြေထဲပင်လယ်ကို ဖြတ်ကြတဲ့ ရွှေ့ပြောင်းစက်လှေသင်္ဘောတွေ အခုနှစ်မှာ တစ်ကျော့ပြန် ခရီးနှင်လာကြတာဖြစ်ပြီး အများစုဟာ လစ်ဗျားနဲ့ အိမ်နီးချင်း တူနီးရှားတို့ကနေ ထွက်ခွာလာကြတာ ဖြစ်ပါတယ်။  

ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ပင်လယ်ဖြတ်ခရီးဟာ မကြာခဏဆိုသလိုပဲ စက်လှေ၊ သင်္ဘောတိမ်းမှောက်မှုတွေနဲ့ အသက်နဲ့ နီးတဲ့ ခရီးပဲ ဖြစ်ပါတယ်။ 

“ခွမ်ကမ်းလွန်မှာ စိတ်မကောင်းစဖွယ် သင်္ဘောတိမ်းမှောက်မှုမှာ ရွှေ့ပြောင်းဝင်ရောက်သူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။”လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM က ထုတ်ပြန်ပြီး အသက်ရှင်နိုင်သူတွေကို ကမ်းခြေစောင့်တပ်နဲ့ ရေလုပ်သားတွေက ရှာဖွေနေကြောင်း ဖြည့်စွက်ဆိုပါတယ်။ 

ခွမ်ဆိပ်ကမ်းမြို့ဟာ လစ်ဗျားမြို့တော် ထရီပိုလီကနေ အနောက်ဖက် ၇၅ မိုင်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။ 

အောက်တိုဘာအစက စလို့ မြေထဲပင်လယ်အတွင်း အနည်းဆုံး စက်လှေသင်္ဘော တိမ်းမှောက်နစ်မြုပ်မှု ရှစ်ကြိမ်ဖြစ်ခဲ့ရာမှာ အခု ဖြစ်ရပ်က နောက်ဆုံးဖြစ်တယ်လို့ IOM က ဆိုပါတယ်။ 

“ဒီ သင်္ဘောပေါ်မှာ လူပေါင်း ၁၂၀ ကျော်ကို တင်ဆောင်ခဲ့တာ ဖြစ်တယ်။ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါတယ်။”လို့ IOM ပြောပြီး အသက် ရှင်သူ ၄၇ ဦးကို ကမ်းခြေဆီ ပြန်လည်ခေါ်ဆောင်လာခဲ့ကာ ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေတွေ့ရှိကြောင်း ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ မြေထဲပင်လယ်ထဲ စက်လှေနှစ်စင်း နစ်မြုပ်တာကြောင့် ကလေးနှစ်ဦးအပါအဝင် လူ‌အနည်းဆုံး ၁၉ ဦး ရေနစ်သေဆုံးခဲ့ကြောင်း IOM က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ခုနှစ်အတွင်းမှာ ရွှေ့ပြောင်းအခြေချသူပေါင်း ၂၀၀၀၀ ကျော်ထက်မနည်း ပင်လယ်ဖြတ်ခရီးမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly