ဝန်ကြီးဟောင်း ဝန်ကြီးချုပ်ဟောင်းများ အပြတ်သတ်ရှုံးနိမ့်

ဝန်ကြီးဟောင်း ဝန်ကြီးချုပ်ဟောင်းများ အပြတ်သတ်ရှုံးနိမ့်

နိုဝင်ဘာ ၉ ၊ ၂၀၂၀
 
စစ်အစိုးရနှင့် ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်စသည့် ထိပ်သီးတာဝန်များကို ယူခဲ့ဖူးသူ ၃၅ ဦးသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရာ ဘယ်နှစ်ယောက် အနိုင်ရရှိခဲ့ပါသလဲ။

Myanmar Now သတင်းဌာန၏ ဖော်ပြချက်အရဆိုလျင် အဆိုပါ ၃၅ ဦးသော ကိုယ်စားလှယ်လောင်းများတွင် ဦးသန်းရွှေ  လက်ထက်နှင့် ဦးသိန်းစိန်အစိုးရလက်ထက်တို့၌ ပြည်ထောင်စု ဝန်ကြီးဖြစ်ခဲ့သူ ၁၉ ဦး၊ ဒုတိယဝန်ကြီးဖြစ်ခဲ့သူ ၁၀ ဦး၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ခြောက်ဦးရှိသည်။

တစ်ချိန်တစ်ခါက အာဏာနှင့် ရာထူးကြီးကြီးရယူနိုင်ခဲ့သူများအနက် ၃၄ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ကိုယ်စားပြုဝင်ပြိုင်ခဲ့ပြီး တစ်ဦးကတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို ကိုယ်တိုင်ထူထောင်ပြီး ဝင်ပြိုင်ခဲ့သည်။

ပြည်ခိုင်ဖြိုး၏ကိုယ်စားလှယ်ဖြစ်သော  ၃၄ ဦးထဲတွင် ခြောက်ဦးမှာ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသည်။ တိုင်းဒေသကြီးကိုယ်စား သုံးဦးနှင့် ပြည်နယ်ကိုယ်စား သုံးဦး ဝင်ပြိုင်ခဲ့ကြသည်.
 
မဲရလာဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးသော်လည်း နိုဝင်ဘာ ၉ ရက်နေ့နေ့လည်တွင် မဇ္ဈိမကပြုစုရရှိထားသောစာရင်းများအရ အဆိုပါ ပြည်ခိုင်ဖြိုး၏ကိုယ်စားလှယ်လောင်းထဲက သုံးဦးသာလျှင် အနီးဆုံးပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အနိုင်ရခဲ့သည်။ ရာခိုင်နှုန်းအားဖြင့်ဆိုရလျှင် ၈ ရာခိုင်နှုန်းဝန်းကျင်ဟု ဆိုရမှာဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ငါးဦးသည် နေပြည်တော်မှဝင်ရောက်ယှဉ်ပြိုင်သည်။
သူတို့ထဲတွင် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဍ
မောင်လွင်၊ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်တို့ပါဝင်သည်။

တကယ်တော့ နေပြည်တော်သည် တပ်အမာခံများနှင့် ကြံ့ခိုင်ရေးအမာခံများသည်ဟု ယူဆကြပြီး ရွေးကောက်ပွဲကို အကြိတ်အနယ်ယှဉ်ကြရည့်နေရာများဟု အချို့သော လေ့လာသုံးသပ်သူများ တွက်ဆခဲ့ကြသည်။ သို့ပေမယ့်
ရထားဝန်ကြီးဟောင်းဖြစ်သူ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတစ်ယောက်သာလျှင် ဇေယျာသီရိမြို့နယ်တွင် အနိုင်ရခဲ့ပြီး ကျန်လေးဦးလုံး NLD ကို ရှုံးနိမ့်ခဲ့သည်။
 
ဦးသန်းဌေးပင်လျှင် အစောပိုင်းတွင် မဲအရေအတွက် နိမ့်ပါးနေပြီး ကြိုတင်မဲများရောက်လာမှသာ သူ့ကိုပေးထားသော မဲများထိုးတက်လာခဲ့ခြင်းဖြစ်၍ သည်းထိတ်ရင်ဖို ဖြစ်ခဲ့ရသည်။
   
သမ္မတရုံးဝန်ကြီးဟောင်းဖြစ်ခဲ့သူ  ပြည်မနှင့်ဝေးရာ ဒေသကို ဗျူဟာကျကျသွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစိုးသိမ်း၊ ဦးလှထွန်းနှင့် ဦးစိုးမောင်တို့တွင် ကယားပြည်နယ် ဘောလခဲကို တကူးတကသွားပြိုင်ခဲ့သော ဦးစိုးသိမ်းမှလွဲ၍ ကျန်သူများ အရှုံးပေါ်ခဲ့သည်။

လွှတ်တော်ထဲတွင် စကားခပ်မာမာပြောတတ်သည့် စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်ကတော့ လာမည့်လွှတ်တော်တွင် ပါဝင်လာနိုင်တော့မှာ မဟုတ်ပါဘူး။ NLD ကိုယ်စားလှယ်လောင်းကို အရှုံးပေးခဲ့၍ဖြစ်သည်။
 
ရဲချုပ်ရာထူး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်းရာထူး ယူခဲ့ဖူးသူ ဦးခင်ရီသည် ရန်ကုန် ဆိပ်ကြီးခနောင်တိုတွင် ရှုံး၍ လယ်ဆည်ဝန်ကြီးဟောင်း ဦးဌေးဦးသည် ဟင်္သတ နယ်မြေတွင် ရှုံးသည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် အကြံပေးလုပ်ဖူးခဲ့သူ ဒေါက်တာကံဇော်လည်း စလင်းမြို့နယ်က ဝင်ပြိုင်ပေမယ့် ရှုံးသည်။

အောင်ပန်းဆင်သွားခဲ့သော ကြံ့ခိုင်ရေးကိုယ်စားလှယ်နောက်တစ်ဦးကတော့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးအောင်သော်ဖြစ်သည်။ သူသည် အရေးပါသော တပ်နယ်မြေဖြစ်သည့် ကိုကိုးကျွန်းမှ ယှဉ်ပြိုင်ခြင်းဖြစ်သည်။
 
ရှမ်းပြည်နယ်တွင်တော့ ဝန်ကြီးချုပ်ဟောင်း စဝ်အောင်မြတ်က အမျိုးသားလွှတ်တော် အမှတ် (၉) အတွက် ဝင်ပြိုင်ပြီး
ကချင်ပြည်နယ် အမှတ် (၉)ကိုတော့ ဝန်ကြီးချုပ်ဟောင်း လဂျွန်ငန်ဆိုင်းက ဝင်ပြိုင်သည်။  ချင်းပြည်နယ် မင်းတပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်တော့ ဝန်ကြီးချုပ်ဟောင်း ဦးဟုန်ငိုင်း ဝင်ပြိုင်သည်။ သို့သော် သူတို့အားလုံး မနိုင်ပါ။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း အတွက် ဝင်ပြိုင်ခဲ့ကြသော ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၊ ဦးညာဏ်ဝင်း၊ ဦးမြတ်ကိုတို့သည်လည်း  NLD ကို ရှုံးခဲ့သည်။
   
တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက တစ်နိုင်ငံလုံးအတိုင်းအတာအရ ၁၁၂၈ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရသူ အရေအတွက်က ၂၀၁၅ ရွေးကောက်ပွဲကိုပင် မှီရန်မလွယ်လှပါ။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly