ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံနေရတဲ့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အနိုင်ရဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံနေရတဲ့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အနိုင်ရဖွယ်ရှိ
Photo - AFP

နိုဝင်ဘာ ၉ 

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက်က ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီးတဲ့နောက် ညဉ့်နက်တဲ့အထိ မဲတွေရေတွက်နေခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိအာဏာရပါတီကပဲ အနိုင်ရမယ်လို့ မျှော်လင့်ရကြောင်း AFP သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ(မူရင်း) အရေးနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေရဲ့ ဝေဖန်ပြောဆိုမှုကိုခံနေရပေမယ့်လည်း နိုင်ငံအတွင်းမှာတော့ သူရဲကောင်းတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုထောက်ခံသူတွေဟာ  ကိုရိုနာဗိုင်းရပ်စ်သတိပေးချက်တွေကို လျစ်လျူရှုကာ တနင်္ဂနွေနေ့ညပိုင်းက ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ရှေ့မှာ ပါတီအလံတွေဝှေ့ယမ်း၊ ပါတီအောင်နိုင်ရေးသီချင်းတွေဆိုကာ ကခုန်ပြီး အကြိုအောင်ပွဲခံကာ ပျော်ရွှင်နေခဲ့ကြပါတယ်။ ဒါပေမယ့် မဲရလဒ်အားလုံးကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။  

ရာစုနှစ်ဝက်နီးပါး စစ်အာဏာရှင်အောက်ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ  ၂၀၁၁ ခုနှစ်မှာ လွတ်မြောက်ခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ငါးနှစ် ရွေးကောက်ပွဲကလည်း NLD ဟာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပေမယ့် ဖွဲ့စည်းပုံအရ အင်အားကြီးဆဲဖြစ်တဲ့ စစ်တပ်နဲ့ အာဏာခွဲဝေအုပ်ချုပ်ခဲ့ရပါတယ်။  

ဒီတစ်ကြိမ်မှာတော့ လူထုခေါင်းဆောင်ဟာ မဲထက်ဝက်ကျော်ကို ထိန်းသိမ်းထားနိုင်ဖို့အရေး ကိုရိုနာဗိုင်းရပ်စ်ကြောက်ရွံ့မှုတွေကို ကျော်လွှားပြီး မဲပေးကြဖို့ ပြည်သူတွေကို ပန်ကြားခဲ့ပါတယ်။ 

ဘုန်းကြီးကျောင်း၊ ဈေးရုံတွေနဲ့ ရုံးတွေမှာ မဲရုံတွေဖွင့်လှစ်ပေးခဲ့ပြီး မဲပေးကြတဲ့ နိုဝင်ဘာ ၈ ရက်မှာတော့  မဲရုံတွေပြင်ပမှာ နေမထွက်ခင်ကတည်းက လူသန်းပေါင်းများစွာဟာ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့က နန်းတော်မှာဖွင့်ထားတဲ့ မဲရုံမှာလည်း မဲပေးတဲ့ လူတွေ ကြိတ်ကြိတ်တိုးနေခဲ့ပါတယ်။  

နိုင်ငံတစ်ဝန်းက မဲပေးသူတွေဟာ မဲပေးစဉ် ပါးစပ်နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ကြရပြီး  မဲရုံအတော်များများမှာတော့ မဲပေးချင်စိတ်ထက်သန်နေတဲ့ ပြည်သူတွေနဲ့  စည်ကားနေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်ခဲ့ပြီး လော့ဒေါင်းတွေချမှတ်ခဲ့ကာ မဲဆွယ်ပွဲတွေကိုလည်း အွန်လိုင်းကနေလုပ်ဖို့ ဖြစ်စေခဲ့ပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ရွေးကောက်ပွဲရက်ကို မရွှေ့ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က သတိပေးခဲ့ပါတယ်။ 

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ဒေသခံတွေက သူတို့အမြင်ကို ခုလိုပြောပြကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required