တိတ်ဆိတ်စွာမဲပေးခဲ့ရတဲ့ ကော့မှူး

နိုဝင်ဘာ ၉

လက်ရှိ ကျင်းပခဲ့သော ၂၀၂၀ ပြည့် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲက ပြီးစီးခဲ့ပါပြီ။ ထို့သမိုင်းဝင်နေ့နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မဲဆန္ဒနယ်မြေကော့မှူးမြို့သည်လည်း ပြည်သူများ စိတ်အားထန်သန်စွာဖြင့် မဲပေးခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် ယခု ရွေးကောက်ပွဲက ယခင်ရွေးကောက်ပွဲများနှင့် မတူပဲဖြစ်ခဲ့ရသည်။ ကျင်းပခဲ့ပြီးခဲ့သော ရွေးကောက်ပွဲတိုင်းတွင် ကခုန်ပွေ့ဖက် ပျော်ရွှင်ဖွယ်လှုပ်ရှားမှုများဖြင့် မဲပေးရသော ဒေါ်အောင်ဆန်းစုကြည်၏ အမာခံနယ်‌မြေလေးက တိတ်ဆိတ်စွာမဲပေးရင်း ‌ပြီးဆုံးစေခဲ့ပါပြီ။

ကော့မှုးမြို့နယ်၊ ဘုရားလမ်းရပ်ကွက်ရှိ  မူလတန်းလွန်ကျောင်း အမှတ် (၁) မဲရုံတွင် ကျန်းမာရေးလမ်းညွှန်ချက်များ၊ မဲစာရင်းများကို စနစ်တကျ ကပ်ထားသည်။ မဲလာပေးသော သူများကို မဲရုံ၏တာဝန်ရှိသူများက မျက်နှာကာများ၊ နှာခေါင်းအုပ်များအား အခမဲ့ပေးကာ မဲပေးစေသည်။ မဲရုံတိုင်း ယင်းပစ္စည်းများကို အခမဲ့ရသည်။ ကျောင်းရှေ့မှာတော့ တာဝန်ကျ ရဲဝန်ထမ်းနှစ်ဦး၊ ‌ယာဉ်ထိန်းရဲတစ်ဦးတို့အား တွေ့ရသည်။

ကျွန်တော်ရောက်သွားတဲ့အချိန် မဲရုံတိုင်းတွင် မဲလာပေးသောလူများ နည်းပါးကာ အေးဆေးငြိမ်သက်နေသည်ကို တွေ့ရသည်။ တကယ်တော့ မနက်ပိုင်း နေမပူခင် အလျင်အမြန် မဲပေးခဲ့ကြသည့်အတွက် ၈ နာရီတွင် နေအပူချိန်ကြောင့် တန်းမစီတော့ဘဲ လူပါးမှ ပြန်လာကာ ပေးကြခြင်းကြောင့်ဖြစ်သည်။ နောက်ပြီး သက်ကြီးများအားလုံး ကြိုတင်မဲပေးခဲ့ကြရာ မဲရုံတွင် လူပါးစေသလို ဖြစ်သွားတော့သည်။

နိုင်‌ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမာခံ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်မှာ ယခုလို မဲပေးရမှုမျိုး မရှိခဲ့ဟု မဲလာပေးသော ပြည်သူများက ဆိုကြသည်။ ကိုဗစ်ကာလ ဖြစ်တာကြောင့် ယခုလို မဲပေးခဲ့ကြရမှုကို  ဒေါ်အောင်ဆန်းစုကြည် အမာခံပြည်သူများ လုံးဝအားမရခဲ့ကြ‌ပေ။ သို့သော် ကော့မှူးနယ်သားတို့ အထွဋ်မတက်ခဲ့ကြပေ။ ယခင်က ယခုလိုမဲပေးချိန်ဆို ပျော်ပျော်ပါးပါး မဲပေးခဲ့ကြရာက မျက်နှားဖုံး၊ နှာခေါင်းအုပ်များတပ်ကာ မဲပေးရမှုက သက်ဝင်လှုပ်ရှားစရာ မျက်နှာများအား ဖုံးကွယ်စေခဲ့သည်။ စိတ်အားထက်သန်မှု အားကောင်းလှသည့် ‌ကော့မှူးနယ်သားတို့အတွက် ကျဉ်းကျဉ်းကြပ်ကြပ် ဖြစ်ကြရသည်။

မဲပေးပြီး အပြင်ပြန်ထွက်လာသူတစ်ဦးက “ အောင်မလေး သေမှာပဲ။ အသက်ရှုရကြပ်ပြီး မဲပေးရတယ် ” ဟု ချွေးများပြန်ကာ အပြင်ဘက် သစ်ပင်အရိပ်အောက် ရောက်လာရင်း ပြောသံကြားလိုက်ရသည်။

ဟင်္သာကုန်းကျေးရွာရှိ မဲရုံအမှတ် (၁) တွင် မနက် ၆ နာရီတွင် မဲအများအပြား ပေးခဲ့ကြသည်။ သို့သော် နေတက်လာသည့်နှင့်အမျှ အပူချိန်ပြင်းထန်လာတော့ တန်းမစီကြတော့ဘဲ အနီးရှိသစ်ပင်အောက်များတွင် အရိပ်ခိုကြရသည်။ တစ်ချို့ကတော့ ညနေပိုင်းနေအေးမှ မဲပြန်ပေးကြသည်။

ဓာတ်ပုံ - စိုးရာဇာထွန်း

ကော့မှူးရှိ မဲရုံးတိုင်းတွင် ရဲဝန်ထမ်း နှစ်ဦး၊ သုံးဦးစီးတွေ့ရပြီး တချို့ မဲရုံများတွင် ရဲမှူး၊ ဒုရဲမှူးအဆင့် ရှိသူများက ဆိုင်ကယ်များဖြင့် လှည့်လည်ကာ လုံခြုံရေးပိုင်း ကြီးကြပ်ပေးနေသည်ကို တွေ့ရသည်။

ကော့မှူးမြို့နယ်ကား အန်အယ်ဒီအစိုးရတက်လာပြီးနောက်ပိုင်းမှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ပညာသင်ကြားရေး၊ အလုပ်အကိုင်စသည့်အခြေအနေများ တိုးတက်လာခဲ့ကြောင်း မဇ္ဈိမက စုံစမ်းမေးမြန်းခဲ့သော မဲလာပေးသူတိုင်းက  အတည်ပြုကြသည်။  

 မြို့သစ်ပိုင်း မဲရုံအမှတ် (၂) သို့ မဲလာထည့်သော ဆိုက်ကားဆရာ ကိုပြည့်စုံက “ အမေစုလက်ထက်မှ အစစအရာရာ ပြောင်းလဲခဲ့တာကြောင့် ကျနော်‌အမေကိုပဲ မဲထည့်ခဲ့တယ် ” ဟု ဖြေသည်။

“ ကျနော်တို့ကတော့ အမေစုပေါ့ဗျာ။ရှင်းရှင်းပြောရင် အမေစုကို ချစ်တယ် ” ဟုမြို့သစ်ပိုင်းရပ်ကွပ်က မနက်ပိုင်း မဲပေးပြီးသည့် အသက် ၄၆ နှစ်အရွယ် ဦးဝင်းသူက ဆိုသည်။ ဦးဝင်းသူမှာ နအဖအစိုးရလက်ထက်က စပါးတင်းပြည့်မသွင်းနိုင်၍ ကော့မှူးဘောလုံးကွင်းတွင် အခြားလယ်သမားများနှင့်အတူ ၁၆ ညတိုင်တိုင် အိပ်ခဲ့ရသူ ဖြစ်သည်။

တာလမ်းသစ်မြောက်ရပ်ကွပ်ရှိ အမှတ် (၁) မဲရုံသို့ မဲလာပေးသူ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးသင်းက “ အရင် ဆန်တစ်ပြည်တစ်ထောင် မစားနိုင်ဘူး။ အခု နှစ်ထောင်က စားနိုင်တယ် ” ဟု ရှင်းပြသည်။ အလုပ်အကိုင်များ ရှိလာသဖြင့် ယခုလိုအဆင်ပြေလာကြောင်း သူက ပြောပြသည်။ သူနေထိုင်သည့် ရပ်ကွက်လမ်း ကွန်ကရစ်လမ်းဖြစ်သွားသည်ကိုပြပြီး ဝမ်းသာနေသည်။

တစ်ရပ်ကွက်တည်းနေ အသက် ၅၄ နှစ်အရွယ် ဦးစိုးနိုင်လည်း “ ရင်ထဲမှာတော့ အမေစုပဲ။ ၂၀၁၅ လိုပဲ အပြတ်အသက် နိုင်မလို့ ထင်တယ်။ ဒီမှာက ရဲရဲတောက်ပဲ ” ဟု ဆိုသည်။ လက်ရှိ တာလမ်းသစ်မြောက်ရပ်ကွပ်ရှိ ချောင်ကြို ချောင်ကြားမကျန် မီးရောက်နေပြီဟု ၎င်းကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးသို့ အရောက်အပေါက် နည်းသွားသည်ကိုလည်း သူကအပြစ် မမြင်ပေ။ “ လူမြင်ရမှ မဟုတ်ပါဘူး။ ရင်ထဲက ရှိနေဖို့ပါ ” ဟု သူကပြောသည်။

ကော့မှူးတွင် လမ်းပန်းဆက်သွယ်ရေးအပြင် အုပ်ချုပ်ရေးမှူးများမှာလည်း အကုန်ပြောင်းကုန်ပြီဟု တာလမ်းသစ်ရပ်ကွက် မဲရုံသို့ မဲလာပေးသည့် ကိုကျော်ကျော်က ဆိုသည်။ သူက ညပိုင်းအောင်ပွဲခံရန် စီစဉ်ထားကြောင်း ပြောသည်။

ဓာတ်ပုံ - စိုးရာဇာထွန်း

မကျီးကန်ရပ်ကွက် မဲရုံတွင် မဲပေးခဲ့သည့် ဒေါ်မိုးမိုးနွေးက သူအသက်မသေသည့်အချိန်အထိ အမေစုအား မဲပေးနေအုံးမည်ဟု ဆိုသည်။ “ ကျိုက်ထောလမ်းက အခု ကတ္တာရာလမ်းဖြစ်သွားပြီ။ အခု မီးခွက်ထွန်းသူတောင် မရှိတော့ဘူး။ မီးမရတဲ့ ရွာကို မရှိသလောက် ဖြစ်နေပြီ ” ဟု ပြောသည်။ ရေပြိုတွင်း၊ ကြာကန်၊ ရှော်လဲကျေးရွာဘက်များသို့ လှေလမ်းသာရှိခဲ့ရာ ယခုလမ်းပေါက်သွားပြီဟု သူမကဆိုသည်။ မီးမရရှိခဲ့သော ဇလုပ်ကြီးကျေးရွာမှာလည်း ယခင်က မမြင်ဖူးခဲ့သော မီးရရှိနေပြီဟု ဆိုသည်။

မကျီးကန်ကျေးရွာနေ အသက် ၇၂ နှစ်အရွယ် ဒေါ်ယဉ်စိန်က ဒေါ်အောင်ဆန်စုကြည်အား မဲပေးခဲ့ကြောင်း ပြောပြသည်။ “ အသက်တဲ့အထိ အမေစုပဲ ” ဟု သူမက ဆိုသည်။ ဒေါ်ယဉ်စိန်တို့ မီသားစုအားလုံးက အန်အယ်ဒီသာ မဲထည့်ခဲ့ကြသည်ဟု ဆိုသည်။

မဲပေးပြီးဆိုင်ကယ်ပေါ်တွင် ထိုင်နေသူ အသက် ၂၆ နှစ်အရွယ် ကိုအောင်သက်ပိုင်က ဒေါ်အောင်ဆန်းစုကြည်အား မဲပေးခဲ့ကြောင်း ပြောသည်။ “ ကိုယ်ချစ်ရသူကို မဲပေးရတော့ ပိတိဖြစ်တယ်။ အမေချစ်တဲ့သားပဲ ” ဟု သူကဆိုသည်။ ကိုအောင်သက်ပိုင်က သူ့ဖခင်နှင့်အတူ မဲလာပေးခြင်းဖြစ်သည်။  

ကော့မှူးမြို့နယ်တွင် မဲရုံ ၁၆၁ ရုံရှိကာ နိုင်ငံရေးပါတီ ခုနှစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနှစ်ဦး၊ တသီးပုဂ္ဂလ ပြည်သူလွှတ်တော်ကိုယ်စာလှယ်လောင်း တစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စာလှယ်လောင်း ငါးဦး၊ တိုင်းဒေသကြီးလွှတ်တော် (၁) တွင် ငါးဦး၊ တိုင်းဒေသကြီးလွှတ်တော် (၂) တွင် ခြောက်ဦး၊ တသီးပုဂ္ဂလတိုင်းဒေသကြီးလွှတ်တော်နေရာအတွက် တစ်ဦး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ခုနှစ်ဦး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ခြောက်ဦး၊ တသီးပုဂ္ဂလ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် သုံးဦးတို့က ယှဉ်ပြိုင်သွားခဲ့ကြသည်။ ကြိုတင်မဲပေးခဲ့သူ သက်ကြီး ၁၃၄၀၀ ကျော်ရှိခဲ့ကာ မဲပေးနိုင်သည့် ပြည်သူပေါင်းက ၉၈၆၀၀ ကျော်ရှိသည်ဟု ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်အောင်က ပြောသည်။
 
မဲရေတွက်သည်ကို ကျွန်တော်စောင့်ဆိုင်းစရာမလိုတော့၊ အဖြေကား ထွက်နှင့်နေပြီးဖြစ်တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly