Silent day မှာ အငြင်းပွားဖွယ် မဲပေးဖို့ တိုက်တွန်းစကားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ပြောကြား

Silent day မှာ အငြင်းပွားဖွယ် မဲပေးဖို့ တိုက်တွန်းစကားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ပြောကြား

နိုဝင်ဘာ ၇ ၊ ၂၀၂၀

မဲဆွယ်စည်းရုံးရေးတွေရပ်တန့်ထားရမည့်ကာလဖြစ်သော ယနေ့နိုဝင်ဘာလ ၇ ရက်နေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အငြင်းပွားဖွယ်ရာ သူ့ကိုမဲပေးရန်တိုက်တွန်းစကားကို ထဲ့သွင်းပြောကြားသွား ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD )၏ ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ ဒေါက်တာလင်းထွဋ်က လားရှိုးမြို့ရပ်ကွက် (၁၀)၊ မြို့ဝမ်ရပ်ကွက်မဲရုံတွင် ကြိုတင်မဲပေးပြီးသည့်နောက် သတင်းမီဒီယာများရှေ့မှောက် ပြောကြားရာတွင် " လွတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ တိုက်တွန်းလိုတာကတော့ ကျွန်တော့်ကိုမဲပေးပါ။ ဝန်ကြီးချုပ်တစ်ယောက်ရဲ့တာဝန်အနေနဲ့ကတော့ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ယုံကြည်တဲ့ပါတီ၊ လူပုဂ္ဂိုလ်၊ တသီးပုဂ္ဂလအမတ်တွေကို ၈ ရက်နေ့မှာ တခဲနက် မဲလာပေးကြပါ" ဟု ပါရှိသည်။

 

ရွေးကောက်ပွဲကော်မရှင်၏ Silent day ဟု ခေါ်သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍  ထုတ်ပြန်ကြေညာချက်တွင် " ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား လွတ်လပ်စွာ ဆန္ဒပြုနိုင်ရန် အလို့ငှာ ၆.၁၁.၂၀၂၀ ရက်နေ့ ည ၁၂း၀၀ နာရီအချိန်မှ ၈.၁၁.၂၀၂၀ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားမည်ဖြစ်ပါသည်။" ဟု ပါရှိသည်။
 
 ဒေါက်တာလင်းထွဋ်အနေဖြင့် ဥပဒေ၏အကျိုးဆက်ကိုခံစားရမည်သာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်ကပြောသည်။

  

"သူ့အနေနဲ့ဥပဒေကိုနားလည်သင့်တယ်၊နားမလည်ဘူးဆိုရင်လည်း ဥပဒေ၊နည်းဥပဒေတွေရဲ့ အကျိုးဆက်ကိုသူ့အနေနဲ့ခံစားရမှာပေါ့" ဟု စိုင်းကျော်ညွန့်ကပြောသည်။

 သို့သော် SNLD အနေဖြင့် လောလောဆယ် တိုင်ကြားမှုလုပ်မှာမဟုတ်သေးဟု ထပ်ပြောသည်။

  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဝန်ကြီးချုပ်ပြောတဲ့စကားကိုမသိသေး၍ မဖြေကြားလိုကြောင်း ပြောသည်။
 
 ဒေါက်တာလင်းထွဋ်သည် လားရိူးမြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly