ကြိုတင်မဲပုံး ဖွင့်သည်ဟု စွပ်စွဲခံရသူ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင် အမျိုးသမီးကို ပြည်ခိုင်ဖြိုးပါတီ အမှုဖွင့်

ကြိုတင်မဲပုံး ဖွင့်သည်ဟု စွပ်စွဲခံရသူ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင် အမျိုးသမီးကို ပြည်ခိုင်ဖြိုးပါတီ အမှုဖွင့်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

နိုင်ဝင်ဘာ ၇၊ ၂၀၂၀

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာတွင် ကျေးရွာအလိုက် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်နှင့် မသန်စွမ်းသူများကို ကြိုတင်မဲ လိုက်လံ ကောက်ယူနေစဉ်အတွင်း နိုဝင်ဘာလ ၂ ရက်နေ့က ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် အမျိုးသမီး တစ်ဦးက မိမိသဘောဖြင့် မဲပုံးအား ဖွင့်ဖောက်သည်ဟု စွပ်စွဲခံရပြီးနောက် တရားစွဲလည်း ခံထားရကြောင်း ယင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျေးရွာအလိုက် ကောက်ယူထားသော ကြိုတင်မဲများကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်း ထမင်းစားချိန်တွင် နေအိမ်တစ်လုံး၌ လုံခြုံရေး အထူးရဲများဖြင့် မဲပုံးအား စောင့်ကြပ်ထားရာမှ ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ဝင်းက ဖွင့်ဖောက်ခဲ့ကြောင်း စွပ်စွဲထားကြသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မဲရုံတာဝန်ရှိသူ ကော်မရှင် အဖွဲ့ဝင်များနှင့် ပါတီကိုယ်စားလှယ်များ အရှေ့တွင် ဖွင့်ဖောက်ခြင်း မဟုတ်ဘဲ မိမိသဘောဆန္ဒဖြင့် ဖွင့်ဖောက်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ဝင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက တရားစွဲဆိုထားကြောင်း သိရသည်။

ကျွဲခရံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ ဦးအုန်းကြွယ်က “ဒါက မဲပုံးမှာ ကြိုးပြတ်တယ် ဆိုပြီး အများရှေ့မှာ လုပ်တာ မဟုတ်လို့ မိမိသဘောနဲ့ မဲပုံးကိုဖွင့်တာ၊ ပြုတာ လုပ်တာက ဥပဒေနဲ့ မညီဘူး။ ဒါကြောင့် ကျွန်တော်တို့ပါတီက အမှုဖွင့် တိုင်တန်းထားတယ်” ဟု ပြောသည်။

ဒေါ်ခင်ဝင်းကို လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉ (င) အရ အသုံးပြုဆဲ ဖြစ်သော မဲပုံးကို အခွင့်အာဏာ မရှိဘဲ ဖွင့်လှစ်ခြင်း သို့မဟုတ် ဆန္ဒမဲ လက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်ကို ဖျက်ဆီးခြင်း မပြုရ ဟူသော ပုဒ်မတို့ဖြင့် ကျွန်းစုမြို့နယ်၊ သဇင်ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွဲခရံကျေးရွာအုပ်စု ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌအား ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

“ဒါက မဲပုံးကို အခွင့်မရှိဘဲ ဖွင့်ဖောက်တာဖြစ်လို့ သူ့ကို အရေးယူခံထားရပါတယ်။ အဓိက ကတော့ ကျွန်တော်တို့ သိရတာက မဲပုံးမှာ ချိတ်ပိတ်ကြိုး ပြတ်နေလို့ဆိုပြီး သူတစ်ယောက်တည်း ဖွင့်ပြီး လုပ်လိုက်တာ ဖြစ်ပါတယ်” ဟု
ကျွဲခရံကျေးရွာအုပ်စု ရပ်/ကျေး ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိုင်းက ပြောသည်။

ထို့ကြောင့် လက်ရှိတွင် စွပ်စွဲခံရပြီး တရားစွဲဆိုခံထားရသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ဝင်းကို ရဲစခန်းက အာမခံ ပေးထားပြီး ကော်မရှင်အဖွဲ့တွင် မူလတာဝန်အတိုင်း ပြန်လည် ဝင်ရောက် ဆောင်ရွက်မှု ရှိနေ၍ နိုင်ငံရေးပါတီများက စိုးရိမ်မှု ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required