တရုတ်နှင့် နယ်စပ် ထိပ်တိုက်ရင်ဆိုင်မှုက အရှိန်မြင့်တက်လာနိုင်ဟု အိန္ဒိယ ဗိုလ်ချုပ်ကြီး သတိပေး 

တရုတ်နှင့် နယ်စပ် ထိပ်တိုက်ရင်ဆိုင်မှုက အရှိန်မြင့်တက်လာနိုင်ဟု အိန္ဒိယ ဗိုလ်ချုပ်ကြီး သတိပေး 
Photo - EPA

နိုဝင်ဘာ ၇

ဟိမဝန္တာအနောက်ဘက်၌ တရုတ် တပ်ဖွဲ့များနှင့်အကြား အခြေအနေတင်းမာသော နယ်စပ် လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ်က ပိုမိုကြီးမားသော ပဋိပက္ခတစ်ခုကို အစပျိုးစေနိုင်ကြောင်း အိန္ဒိယ၏ ထိပ်တန်း စစ်ဘက်တပ်မှူးကြီးက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။ 

နှစ်ဘက်စလုံးမှ အကြီးတန်း စစ်ဘက်အရာရှိများသည် ရှေ့တန်း နေရာအနီး ၎င်းတို့၏ ရှစ်ကြိမ်မြောက် ဆွေးနွေးမှုများအတွက် တွေ့ဆုံခဲ့ကြစဉ် အိန္ဒိယ စစ်တပ်ဗိုလ်ချုပ်ကြီးက အထက်ပါအတိုင်း သတိပေးလိုက်ခြင်း ဖြစ် သည်။ 

လများနှင့်ချီ ကြာမြင့်နေသော ထိပ်တိုက် ရင်ဆိုင်တွေ့မှုတစ်ခုအတွင်း ထောင်နှင့်ချီသော အိန္ဒိယနှင့် တရုတ် တပ်ဖွဲ့ဝင်များ ကျရောက်ပိတ်မိနေလျက် ရှိသည့် အရှေ့ပိုင်း လာဒက်ခ်ရှိ နယ်စပ်ထိန်းချုပ်မျဉ်းတွင် အခြေအနေသည် တင်းမာနေခဲ့ကြောင်း အိန္ဒိယစစ်တပ် အကြီးအကဲ ဘီပင် ရာဝက်က ပြောသည်။ 

“နယ်စပ် ထိန်းချုပ်မျဉ်း မှာ ဘယ်လို အပြောင်းအလဲကိုမှ ကျွန်တော်တို့ဘက်က လက်ခံသွားမှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ကြီး ရာဝက်က အွန်လိုင်း မိန့်ခွန်းတစ်ခုတွင် ပြောခဲ့သည်။ 

“လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့ ခြုံငုံ တွက်ချက်ကြည့်မယ်ဆိုရင် နယ်စပ် ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ၊ နယ်စပ် ကျူးကျော် ဝင်ရောက်မှုတွေနဲ့ အကြောင်းမဲ့ နည်းဗျူဟာဆိုင်ရာ စစ်ရေး လုပ်ဆောင်ချက်တွေက ပိုမို ကြီးမားတဲ့ ပဋိပက္ခတစ်ခုဆီ ဦးတည်စေနိုင်တယ် ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ဖယ်ထုတ်ထားလို့ မရနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။ 

နှစ်ဘက် တပ်ဖွဲ့များအကြား ပြီးခဲ့သည့် ဇွန်လအတွင်း ပြင်းထန်ကြမ်းတမ်းသည့် ကိုယ်ထိလက်ရောက် ရန်ပွဲဖြစ်ပွားမှု ဖြစ်စဉ်တစ်ခုကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီး တရုတ်ဘက်တွင်လည်း အရေအတွက် မသိရသော သေဆုံးမှုများ ရှိခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် နှစ်ဘက်အကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး ဝေးလံသော နယ်စပ် ဧရိယာတွင် တပ်ဖွဲ့ဝင်အင်အားတိုး တပ်ဖြန့်ချမှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

ယင်းနောက်ပိုင်း နှစ်ဘက်စလုံးအနေဖြင့် သံတမန် နည်းလမ်းနှင့် စစ်ဘက် ဆက်သွယ်ရေးလမ်းကြောင်းများကနေတစ်ဆင့် အခြေအနေကို ပြေလျော့စေရန် ကြိုးပမ်းထားခဲ့ကြသော်လည်း တိုးတက်မှု အနည်းငယ်သာ ရရှိထားခဲ့သည်။ ယင်းအခြေအနေက လာဒက်ခ်၏ နှင်းကျသော ကန္တာရများထဲ၌ အပူချိန် သုညအောက်တွင် နှစ်ဘက်စစ်သားများကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ထားစေခဲ့သည်။ 

အကျပ်အတည်း စဖြစ်ပြီးနောက်ပိုင်း နှစ်ဘက် စစ်တပ် ခေါင်းဆောင်များအကြား ရှစ်ကြိမ်မြောက် ဆွေးနွေးမှုအဖြစ် ယမန်နေ့က လာဒက်ခ် ဒေသတွင် အိန္ဒိယနှင့် တရုတ် အဆင့်မြင့် တပ်မှူးများ တွေ့ဆုံခဲ့ကြသည်ဟု နယူးဒေလီရှိ တာဝန်ရှိသူများက ပြောသည်။ 

ပန်ဂေါင် ဆို ကန်၏ မြောက်ဘက် ကမ်းပေါ်ရှိ အပြိုင်အဆိုင်ဖြစ်နေသော ဧရိယာတစ်ခုမှ တပ်ဖွဲ့ဝင် တချို့ ပြန်လည် ဆုတ်ခွာရေး တရုတ်၏ အဆိုပြုချက်တစ်ရပ်နှင့်ပတ်သက်၍ ယမန်နေ့ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးဖွယ် ရှိသည်။အဆိုပါ ဧရိယာတွင် စစ်သားများကို မီတာ ရာဂဏန်းအနည်းငယ်ဖြင့် ပိုင်းခြားထားသည်ဟု အိန္ဒိယတာဝန်ရှိသူများက ပြောသည်။ 

အမြှောက်တပ်နှင့် သံချပ်ကာ ယာဉ်များဖြင့် ထောက်ကူထားသော ခြေလျင်တပ်ဖွဲ့များသည်လည်း ကန်၏ တောင်ဘက် ကမ်းပါးတွင် ထိပ်တိုက် ရင်ဆိုင်လျက် ရှိပြီး ယင်းနေရာတွင်လည်း တရုတ်က အိန္ဒိယတို့ နောက်ပြန်ဆုတ်ခွာရေး တွန်းအားပေးထားခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အိန္ဒိယအနေဖြင့် ယင်း၏ အနောက်ပိုင်းနှင့် မြောက်ပိုင်း နယ်စပ်များတစ်လျှောက် အချိန်တစ်ချိန်တည်းမှာပင် ပါကစ္စတန်၊ တရုတ်နှင့် ပဋိပက္ခနှစ်ခုကို ကြုံရနိုင်သည်ဟု တွက်ဆထားရနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ရာဝက်က သတိပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required