စစ်တွေမြို့နယ်ရှိ မဲဆန္ဒများသည့်ရွာတွင် ကြိုတင်မဲ အငြင်းပွားမှုဖြစ်၊ မဲပြန်ပေးခွင့် ပြုမည် 

စစ်တွေမြို့နယ်ရှိ မဲဆန္ဒများသည့်ရွာတွင် ကြိုတင်မဲ အငြင်းပွားမှုဖြစ်၊ မဲပြန်ပေးခွင့် ပြုမည် 
ပုံ - ရခိုင်ပြည်နယ်။ စစ်တွေမြို့၊ တရားသီစုရပ်ကွက်မှ ဆန္ဒမဲပြုနေသူတချို့ (ဓာတ်ပုံ - အောင်အောင်ထူး)

နိုဝင်ဘာ ၆၊ ၂၀၂၀ 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာတွင် ကြိုတင်မဲပေး ကာလအတွင်း မသမာမှု ပေါ်ပေါက်ခဲ့ဖွယ် ရှိသည်ဟု စွပ်စွဲခံရသောကြောင့် မဲရုံတာဝန်ရှိသူများကို တာဝန်မှ ဆိုင်းငံ့လိုက်ပြီး ဆန္ဒပြုပြီးသော မဲလက်မှတ်များကိုလည်း ဖျက်သိမ်းလိုက်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူက ဆိုသည်။  

“သံသယမဲပုံး ဖြစ်တဲ့အတွက် ပျက်ပြယ်တဲ့ မဲပုံးအဖြစ် သတ်မှတ်လိုက်ပြီး မဲဆန္ဒရှင်တွေလည်း မနစ်နာရအောင်၊ လွှတ်တော် ကိုယ်စားလှယ်တွေလည်း မနစ်နာရအောင် (နိုဝင်ဘာ) ၈ ရက်နေ့မှာ ပြန်ပေးဖို့အတွက် အစီအစဉ် ချထားလိုက်ပါတယ်။ လက်ရှိ ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို ဖယ်ထားပြီးတော့ အသစ်ရွေးချယ် တင်မြှောက်ထားလိုက်တယ်” ဟု စစ်တွေမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာမောင်က ပြောသည်။  

အမြင့်ကျွန်းကျေးရွာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၇၄၃ ဦးရှိပြီး စစ်တွေမြို့နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် ကျေးရွာလည်း ဖြစ်သည်။ 

ကြိုတင်မဲပေးကာလ၏ နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာလ ၅ ရက်နေ့က အမြင့်ကျွန်းကျေးရွာတွင် ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုလင်း၏ နေရာတွင် ကြိုတင်မဲတံဆိပ် ရိုက်နှိပ်ပါရှိနေသဖြင့် မဲဆန္ဒရှင်များနှင့် မဲရုံတာဝန်ရှိသူများအကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။  

ပုံ - ရခိုင်ပြည်နယ်။ စစ်တွေမြို့၊ တရားသီစုရပ်ကွက်မှ ဆန္ဒမဲပြုနေသူတချို့ (ဓာတ်ပုံ - အောင်အောင်ထူး) 

ယင်းနောက် နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများနှင့် မြို့ခံသြဇာရှိ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ဥပဒေအကြံပေး ပုဂ္ဂိုလ်များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဟု သိရသည်။  

ယင်းသို့ ဆုံးဖြတ်လိုက်သည့်အတွက် အဆိုပါကျေးရွာမှ မဲပေးခဲ့သူများသည် တစ်နိုင်ငံလုံး မဲပေးကြမည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပရာတွင် ပြန်လည် မဲဆန္ဒပြုနိုင်သည်ဟု ဦးစံသာမောင်က ဆိုသည်။ 

ယင်းသို့ ဆန္ဒမဲများကို ဖျက်သိမ်းလိုက်ချိန်တွင် အဆိုပါကျေးရွာမှ မဲရုံအမှတ် (၁) နှင့် (၂) တို့တွင် ကြိုတင်ဆန္ဒမဲ ပြုထားသူ ၃၈၀ ကျော် ရှိနေပြီဖြစ်ကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ 

အငြင်းပွားမှုဖြစ်ပွားခဲ့သည့် မဲဆန္ဒနယ်တွင် ပါဝင်သည့် ရခိုင့်ဦးဆောင်ပါတီ ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုလင်းကမူ ယင်းဖြစ်ရပ် ပေါ်ပေါက်လာမှုမှာ ရွေးကောက်ပွဲ ကော်မရှင်၏ စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်ဟု စွပ်စွဲပြီး ယင်းဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိဟု ဆိုသည်။  

“(ကျေနပ်မှု) လုံးဝမရှိဘူး။ မမှန်မကန် လုပ်တာလို့ ယူဆတယ်။ ပြောရမယ်ဆိုရင် များတဲ့သူ နိုင်စတမ်း လုပ်နေတဲ့ ရွေးကောက်ပွဲမှာ ပါတီတွေ ဝိုင်းပြီးတော့ ကန့်ကွက်ကြတယ်ဆိုတော့ အဲဒီလို ဆုံးဖြတ်ချက်ချဖို့ ကျတာပေါ့။ ကော်မရှင်က စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဒီပြဿနာ ဖြစ်လာတာပေါ့” ဟု ပြောသည်။  

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကမူ ယခု ဆုံးဖြတ်ချက်သည် အများသဘောတူချက် ဖြစ်သကဲ့သို့ ဥပဒေဆိုင်ရာ အကြံပေးချက်အရ ပုဒ်မ ၄၇ (က)၊ (ခ) ဖြင့် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။  

စစ်တွေမြို့နယ်သည် ရွေးကောက်ပွဲ ကျင်းပခွင့်ရရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တစ်ခုတည်းသော မြို့နယ်ဖြစ်ပြီး မဲဆန္ဒရှင် တစ်သိန်းကျော်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly