ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ

ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ

နိုဝင်ဘာ ၅ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ နောင်စန့်ရပ်ကွက်တွင် နိုဝင်ဘာလ ၄ရက်နေ့က ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အတွက် မဲဆွယ်စည်းရုံးရေးလုပ် ဆောင်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က အတည်ပြုပြောသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ နမ့်ခမ်းမြို့နယ်သွေးစည်းညီညွတ်ရေး လူမှုရေးအသင်း (UP) အလုပ်အမှု ဆောင် အဖွဲ့ဝင် စိုင်းအောင်ဝင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အား ထောက်ခံမဲဆွယ် စည်းရုံးရေးဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။

နိုဝင်ဘာ ၄ရက်နေ့ ညနေ ၆နာရီအချိန်ခန့်က ဦးစိုင်းအောင်ဝင်းသည် နေအိမ်အရှေ့၌ လမ်းလျှောက်ဖုန်း ပြောနေစဉ် ၎င်းနေအိမ်အရှေ့လမ်းမကြီးမှ လမ်းလျှောက်လာသည့် အမည်မသိအမျိုးသားတစ်ဦးက ပစ္စတို သေနတ် ဖြင့်ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားကြောင်း CCTVမှ တဆင့်ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်း ဖိုင်များတွင် မြင်တွေ့ရသည်။

ယင်းသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးစိုင်းအောင်ဝင်းမှာ နောက်ကျောတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး နမ့်ခမ်းပြည်သူ့ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေကြောင်း နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က ပြောကြားသည်။

 “မနေ့ည ၆ နာရီကျော်ကျော်မှာ ပစ်ခတ်မှု ဖြစ်သွားတာပေါ့နော်။ သူ့အိမ်ရှေ့မှာ ဖြစ်တာ။ ဆေးကုသမှု ခံယူနေပါတယ်။ ဒီမနက်ပဲ ခွဲစိတ်မှုလုပ်ထားပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က ပြောကြားသည်။

စိုင်းအောင်ဝင်းအနေဖြင့် ယခုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းသည် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ(ကျားဖြူပါတီ)အတွက် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်မှုကြောင့် လုပ်ကြံပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ကျားဖြူပါတီဥက္ကဌ ဒေါက်တာစိုင်းကျော်အုန်းက သုံးသပ်သည်။

“သူက ကျွန်တော်တို့ ပါတီဝင်မဟုတ်ပါဘူး။ ကျွန်တော်တို့ ပါတီကို ထောက်ခံဝန်းရံပေးတာပါ။ ကျွန်တော်တို့ ပါတီကို ထောက်ခံဝန်းရံကူညီလို့ ဒီလိုဖြစ်သွားတာပေါ့။ ဒီလိုပဲ သုံးသပ်ရမှာပါ။” ဟု ကျားဖြူပါတီ ဥက္ကဌ ဒေါက်တာစိုင်းကျော်အုန်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်ခမ်းမြို့မရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ယင်းသို့ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံသည့် ပြစ်မှုမျိုးသည် ရဲအရေးပိုင်သောပြစ်မှုဖြစ်သည့်အတွက် ရဲတပ်ဖွဲ့က တရားလိုပြသက်သေများစစ်ဆေးပြီးနောက် ဥပဒေအရာရှိထံတင်ပြရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ရဲအရေးပိုင်တာပေါ့။ သူကိုယ်တိုင်က အဲဒါကိုသတင်းသွားပို့လို့ရင်သော်လည်းကောင်း၊ သတင်းကြားသိရင်သော်လည်းကောင်း ရဲကသွားရမယ်၊ စုံစမ်းစစ်ဆေးရမယ်။ စုံစမ်းစစ်ဆေးတဲ့အခါ ဘယ်သူက တရားလိုဖြစ်မလဲ၊ ဘယ်သူက တရားလိုပြသက်သေတွေဖြစ်မလဲဆိုတာကို စစ်ဆေးပြီးတော့ ဥပဒေအရာရှိဆီ တင်ရမယ်။ ဥပဒေအရာရှိက တရားရုံးကို ပို့ရမယ်။ ဒါက ရဲအရေးပိုင်ပါပဲ။ ” ဟု တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ဖြစ်စဉ်နှင့်ပတ်သက် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အကြိုကာလတွင် တည်ဆဲဥပဒေများနှင့်အညီ ပြည်သူတစ်ဦးချင်း၏ လွတ်လပ်စွာပြောဆို ဆွေးနွေးစည်းရုံးခွင့်နှင့် လွတ်လပ်စွာမဲပေးပိုင်ခွင့်တို့ကို အကြမ်းဖက်နည်းဖြင့် ကြောက်ရွံ့အောင်ဟန့်တားပိတ်ပင်လိုက်သောလုပ်ရပ်ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက် သည်။

ဒေသခံပြည်သူများအပေါ် နိုင်ငံရေးအရ အဖက်ဖက်က ဆိုးကျိုးသက်ရာက်စေမည့် မည်သည့်အကြမ်းဖက် တိုက်ခိုက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ကန့်ကွက်ရှုတ်ချကြောင်းလည်း ကျားဖြူပါတီ၏ ၎င်းထုတ်ပြန်ချက် တွင် ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly