ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကြိုတင်မဲပေးသူနည်းပါး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကြိုတင်မဲပေးသူနည်းပါး
Photo - AFP

နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်အတွင်းမှ မဲရုံများတွင် နိုဝင်ဘာ ၁ရက်နေ့ ညနေပိုင်းအချိန်အထိ ကြိုတင်မဲလာပေးသူဦးရေ နည်းပါးနေကြောင်း သက်ဆိုင် ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်များထံမှ စုံစမ်းသိရှိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပတော့မည် ၂၀၂၀ ရွေးကောက်ပွဲတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ထိ ကြိုတင်မဲပေးထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

မဲပေးပိုင်ခွင့်ရှိသည့် ရခိုင်၊ မူဆလင်၊ ချင်းနှင့် ဟိန္ဒူလူမျိုး စုစုပေါင်း ၉၀၀ ကျော်ပါဝင်သည့် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက် မဲရုံတွင် စတင်မဲပေးနိုင်သည့် အောက်တိုဘာ ၂၉ရက်နေ့မှစ၍ နိုဝင်ဘာ ၁ရက်နေ့ နေ့လည်ပိုင်းအထိ အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အို ၁၁ ဦးသာ မဲလာပေးကြောင်း ရပ်ကွက်ကော်မရှင်ဥက္ကဌ ဦးအေးချိုက ဆိုသည်။

“မဲလာပေးတာက အသက်အရွယ်ကြီးတွေဖြစ်တဲ့အတွက် အလုပ်အကိုင်ကြောင့်လည်း ဖြစ်နိုင်တယ်။ ကျန်းမာ ရေးကြောင့်လည်း ဖြစ်နိုင်တယ်။”ဟု ဦးအေးချိုက ပြောသည်။

ကြိုတင်မဲစတင်ပေးနိုင်သည့်နေ့မှစ၍ လေးရက်မြောက်သည့် နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းအထိ စစ်တွေမြို့နယ်တွင်မဲဆန္ဒရှင် ၇၉၇ ဦး၏ မဲသာရရှိသေးကြောင်းလည်း  မြို့နယ်ကော်မရှင် ဥက္ကဌ ဦးစံသာမောင်က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

ထိုသို့ ကြိုတင်မဲပေးမှုအားနည်းနေခြင်းမှာ သီတင်းကျွတ်ပွဲတော်ရက်များနှင့် တိုက်ဆိုင်ခြင်းကြောင့် ဖြစ်နိုင် ကြောင်း ယူဆသူများရှိသကဲ့သို့ လတ်တလောဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေဆိုးဝါးမှု ကြောင့်ဖြစ် နိုင်ကြောင်း ပြောဆိုသူများလည်း ရှိသည်။  

စစ်တွေမြို့၊ တရာသီးစုရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစံညွန့်ကမူ မဲဆန္ဒနယ်အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာပါတီများမှကိုယ်စားလှယ်လောင်းများ၏ နှိုးဆော်မှုအားနည်းနေ ခြင်းကြောင့်ဖြစ် နိုင်ကြောင်း ယူဆသည်။

 “လောလောဆယ်ကတော့ ကြိုတင်မဲပေးတဲ့လူဦးရေက နည်းနေတယ်။ ကျယ်ကျယ်ပြန့်ပြန့် ကြေညာတာရော။ သွားရောက်ပြီးတော့ မဲထည့်ပါဦးလို့ အဲလိုမျိုး တိုက်တွန်းမယ့် တခြားပါတီကိုယ်စားလှယ်တွေပေါ့လေ။ ပြည်သူ့လွှတ်တော်ကိုယ်စား… အဲလိုမျိုး တိုက်တွန်းမှုတွေက အားနည်းနေတယ်”ဟု ဦးစံညွန့်က ပြောသည်။

တရာသီးစုရပ်ကွင်တွင်မူ အောက်တိုဘာလ ၃၀ ရက်နေ့မှ ကြိုတင်မဲပေးမှုလုပ်ငန်းကို စတင်ခဲ့ရပြီး နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းအထိ မဲလာပေးသူ ၄၀ ခန့်ရှိကြောင်း ဆိုသည်။

ယင်းသို့ ကြိုတင်မဲပေးမှုနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ စစ်တွေမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် လူဦးရေမှာ ၁၀၇၉၄၈ ဦးရှိပြီး နိုဝင်ဘာ ၁ရက်နေ့ ညနေပိုင်းအထိ ကြိုတင်မဲလာ ရောက်ပေးသူဦးရေမှာ တစ်ရာခိုင်နှုန်းပင်မပြည့်ကြောင်း သိရသည်။

ထို့ပြင် စစ်တွေမြို့ပေါ်ရှိ ကြိုတင်မဲပေးမှုလုပ်ဆောင်နေသည့် ရပ်ကွက်ကော်မရှင်တချို့ထံ မဇ္ဈိမက သွားရောက်လေ့လာရာတွင် နိုဝင်ဘာ ၁ရက်နေ့ ညနေပိုင်းစောင့်ဆိုင်းနေသည့်အချိန်ထိ မဲပေးသူတစ်ဦးမှ လာရောက်ခြင်း မရှိသည့် မဲရုံတချို့ ကိုမြင်တွေ့ခဲ့ရသည့်အပြင် တချို့မဲရုံများပိတ်ထားသည်ကိုလည်း တွေ့ခဲ့ရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်မြို့နယ်များအား ထုတ်ပြန်ထား မှုတွင်  ရခိုင်ပြည်နယ်မှ မြို့နယ် ကိုး ခုနှင့် နောက်ထပ် လေးခုမှ ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုတချို့၌ ရွေးကောက်ပွဲကျင်းပနိုင်ခွင့် ဆုံးရှုံးသွားသည်။

စစ်တွေသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရွေးကောက်ပွဲကျင်းပခွင့်ရသည့် တစ်ခုတည်းသောမြို့နယ် ဖြစ်လာပြီး မူလက မဲရုံပေါင်း ၁၁၄ ရုံရှိခဲ့သော်လည်း လက်ရှိတွင် မဲရုံ ရှစ်ရုံလျော့ကျသွား သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly