ဒီမော့ဆို၊ အိုကေကျေးရွာအုပ်စုတွင် ကြိုတင်မဲလက်မှတ်များ မှားထုတ်ပေး၊ အစားထိုးမဲ ပြန်ပေးနိုင် 

ဒီမော့ဆို၊ အိုကေကျေးရွာအုပ်စုတွင် ကြိုတင်မဲလက်မှတ်များ မှားထုတ်ပေး၊ အစားထိုးမဲ ပြန်ပေးနိုင် 
Photo Creadit - ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲပုံးများကို ရွေးကောက်ပွဲကျင်းပမည့် သက်ဆိုင်ရာ မြို့နယ်နှင့် ကျေးရွာများသို့ ပို့ရန် ဆောင်ရွက်နေစဉ် (ဓာတ်ပုံ - စောသန်းထိုက်ဦး)

နိုဝင်ဘာလ ၄၊ ၂၀၂၀ 

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ အိုကေကျေးရွာအုပ်စုတွင် နိုဝင်ဘာလ ၂ ရက်နေ့က ကြိုတင် မဲလက်မှတ်များ မှားယွင်း ထုတ်ပေးခဲ့သောကြောင့် လက်မှတ် စုစုပေါင်း ၆၆ စောင်ကို ပယ်မဲအဖြစ် ပြုလုပ်၍ အစားထိုး ပြန်လည် မဲပေးခိုင်းမည်ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိုးက မဇ္ဈိမကို ပြောသည်။ 

“အဲဒီ ၆၆ မဲကို ပယ်မဲလုပ်မယ်။ ဒါပေမယ့်လို့ အဲဒီလူတွေကို ပြန်ပြီးတော့ မဲပေးခိုင်းမယ်။ အဲဒီ အစီအစဉ်ကိုလည်း ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို တင်လိုက်ပြီးပြီ။ အတည်ဖြစ်မှာပါ” ဟု ပြောသည်။ 

ယခုကဲ့သို့ အစားထိုးမဲ ပြန်ပေးရန်လည်း ဒီမော့ဆိုမြို့နယ် ရွေးကောက်ပွဲ စေ့စပ်ညှိနိုင်ရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်၍ ကိုယ်စားလှယ်လောင်းများ၏ ရှေ့၌ပင် သဘောတူ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းလည်း ဦးသန်းစိုးက ဆိုသည်။ 

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) နေရာ အတွက် ဆန္ဒမဲလက်မှတ် ထုတ်ပေးရာတွင် ကယန်းအမျိုးသားပါတီ (KNP) ၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၇) အတွက် ကြိုတင်မဲလက်မှတ်များ မှားယွင်း ပါဝင်သွားခဲ့ခြင်း ဖြစ်သည်။ 

“အောက်တိုဘာလ ၂၇ ရက်နေ့က မဲရုံ အမှတ် (၁)၊ အမျိုးသား မဲဆန္ဒနယ် (၆) ကို မဲလက်မှတ် ၂၅ အုပ်ကို တစ်စည်း စည်းတယ်။ လူဦးရေနောက် လိုက်ပြီးတော့ သုံးအုပ်ပေါင်း ၂၈ အုပ် ပေးခဲ့တယ်။ ဒါပေမယ့်လို့ ထုတ်ပေးလိုက်တဲ့ ၂၅ အုပ်ပါ တစ်စည်းမှာ ရှိနေတဲ့ အပေါ်ဆုံးစာအုပ်မှာ အမျိုးသား မဲဆန္ဒနယ် (၆) လို့ ပါတာ၊ အပေါ်က တစ်စည်းကတော့ ဟုတ်တယ်။ ကျန်အောက်က အစည်းတွေကျတော့ အမျိုးသား မဲဆန္ဒ (၇) ဖြစ်နေတာ နောက်မှ သိခဲ့ရတာ ဖြစ်တယ်” ဟု ဦးသန်းစိုးက ရှင်းပြသည်။ 

KySDP ပါတီကိုယ်စားပြု ဒီမော့ဆို မဲဆန္ဒနယ် အမှတ် (၆) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးမောတယ်ခဲက မည်သည့်ပုံစံဖြင့် ကြိုတင်မဲ ပြန်ထည့်ခိုင်းမည်ကို မသိရသေးသကဲ့သို့ ကြိုတင်မဲ ပြန်ပေးမည် နေ့ရက်ကိုလည်း လတ်တလောအထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ပြောသည်။  

“(နိုင်ဝင်ဘာ) ၆ ရက်နဲ့ ၇ ရက်နေ့မှာ မဲရုံဝန်ထမ်းတွေရယ်၊ ခရီးသွားလိုတဲ့လူတွေ ကြိုတင်မဲ ထည့်လို့ရတဲ့ကာလ ရှိတဲ့အခါမှာတော့ ဒီ ၆၆ ယောက်စလုံး ပြန်ခေါ်ထည့်မယ်ဆိုရင်တော့ တရားမျှတတယ်။ ဒါပေမယ့် ၆၆ ယောက်စလုံး ပြန်လာနိုင်ပါ့မလား။ အခက်အခဲတစ်ခုတော့ ကျွန်တော်တို့ နည်းနည်း တွေးဆမိတယ်။ နောက်ပြီးတော့ ဘယ်လို အခြေအနေမျိုးမှာ ပြန်ခေါ်မလဲ၊ ဘယ်လိုပုံစံနဲ့ ပြန်ထည့်ပေးမလဲဆိုတာ အခုထိ ကျွန်တော်တို့ တိတိကျကျ မသိရသေးတဲ့ အခါမှာတော့ နည်းနည်း စိုးရိမ်တယ်” ဟု ဦးမောတယ်ခဲက ပြောသည်။ 

အိုကေကျေးရွာအုပ်စုတွင် အသက် ၆၀ အထက် ကြိုတင်မဲပေးခွင့်ရှိသူ လူဦးရေ ၁၃၀ ရှိပြီး လတ်တလော အိုကေကျေးရွာအုပ်စုတွင် ကြိုတင်မဲပေးမှု ခေတ္တ ရပ်ဆိုင်းထားသည်။ ဒီမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) တွင် ကျေးရွာအုပ်စု ၁၅ အုပ်စု ရှိကြောင်း သိရသည်။ 

ဒီမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 

ကယားပြည်နယ်တွင် လူဦးရေ သုံးသိန်းနီးပါရှိကာ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂၀၇၂၆၇ ဦး ရှိပြီး မဲရုံ စုစုပေါင်း ၂၃၃ ရုံ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly