ကာကွယ်ရေးဦးစီးချုပ်ရုံးထုတ်ပြန်ချက် " ထူးထူးခြားခြားပြောစရာမရှိ" ဟု မုံရွာအောင်ရှင် တုံ့ပြန်

ကာကွယ်ရေးဦးစီးချုပ်ရုံးထုတ်ပြန်ချက် " ထူးထူးခြားခြားပြောစရာမရှိ" ဟု မုံရွာအောင်ရှင် တုံ့ပြန်

နိုဝင်ဘာ ၄

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကော်မရှင်၏ စွမ်းဆောင်မှု အားနည်းချက်များကို ထောက်ပြပြီး အစိုးရတွင် တာဝန်ရှိသည်ဟု ဝေဖန်လိုက် ခြင်းအပေါ် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြီးတန်းခေါင်းဆောင်တစ်ဦးက " ထူးထူးခြားခြားပြောစရာမရှိပါဘူး" ဟု တုံ့ပြန်လိုက်သည်။

“လူတွေသတိပြုမိတာက ရွေးကောက်ပွဲ ကပ်နေတဲ့ အချိန်မှာ ထုတ်လိုက်တော့ ဒါဘာရည်ရွယ်ချက်များပေါ့လေ။ ဒီလိုလဲ လူတွေသံသယဝင်တာတွေ ရှိပါတယ်။ ကျွန်တော့်အနေနဲ့တော့ ထူးထူးခြားခြား ပြောစရာတော့ မရှိပါဘူး။ နောက်တစ်ခုက သူ့ရဲ့အယူအဆပေါ့လေ။ " ဟု ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုသည်ဟု တောင်းဆိုလိုက်သည်။

" UEC (ကော်မရှင်) ကို အစိုးရက ခန့်ထားကိုး။ UEC နဲ့ အစိုးရမှာပဲ တာဝန်ရှိတာလား မေးစရာတော့ ရှိတာပေါ့။ တခြားတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိတာပဲလေ။ အထူးသဖြင့် ရွေးကောက်ပွဲမဲပေးမယ့် မဲဆန္ဒရှင် လူထုကလည်း တာဝန်ရှိကြတာပဲ။ တာဝန်ရှိတယ်ဆိုတာထက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမယ်။” ဟု မုံရွာအောင်ရှင်က ပြောသည်။

တနင်္လာနေ့ည သန်းခေါင်ချိန်နားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရုံးက ထုတ်ပြန်သော ကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဝေဖန်ချက်များ တန်းစီပြောထားရာ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်   ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် လေးနှစ်ကျော်ရရှိခဲ့သော်လည်း ကြိုတင် ဆန္ဒမဲထည့်သည့်စာအိတ်များ၊ မဲပုံးများကိုပင် အဆင့်အတန်းမီစွာ မဆောင်ရွက်နိုင်ခဲ့ကြောင်း လည်းပါရှိသည်။

ယင်းအပြင် ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြထားပြီးဖြစ်သော်လည်း တည်ဆဲဥပဒေကို ကျော်လွန်နေသည့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ မဲပေးခွင့်မဆုံးရှုံးစေရေးကို အကြောင်းပြလျက် တည်ဆဲဥပဒေများကို ကျော်လွန်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်နေခြင်း၊  ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူ စာရင်း တွက်ချက်ရာ၌ပင် ခက်ခဲခဲ့မှုများ၊ လက်တွေ့မဲစာရင်းထုတ်ပြန်ရာ၌ မမှားသင့်သည့်အမှားများ မှားယွင်းခဲ့မှုများရှိခဲ့ကြောင်း ထောက်ပြထားသည်ကို တွေ့ရသည်။

ကော်မရှင်သည် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း အစိုးရက ခန့်အပ်ခြင်း ဖြစ်သည့်အတွက် ရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းမှုအားလုံးကို အစိုးရအနေဖြင့် တာဝန်ယူရမည် ဖြစ် ကြောင်းဆိုသည်။

ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ယခုထုတ်ပြန်ချက်သည် တပ်မတော်က ဟိတ်ဟန်ပါဝါတွေ ပြသနေကြောင်း ဝေဖန်လိုက်သည်။

“ဒီနိုင်ငံရဲ့ အနေအထားမှာ တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ် တယ်ဆိုတာထက် နည်းနည်းလွန်လွန်ကဲကဲ ဆန္ဒစောတွေကို မြင်ရတယ်။ အထူးသဖြင့်တပ်မတော် အစိုးရဟာ ဒီအခင်းအကျင်းတွေပေါ်လာဖို့အတွက် ဦးသိန်းစိုးလက်ထက်မှာ UEC က ဘယ်လိုဆောင်ရွက်ခဲ့တယ်။ ဦးတင်အေး ကတော့ ဘယ်လိုဆောင်ရွက်ခဲ့တယ် စသဖြင့် နှိုင်းယှဉ်ချက်တွေကတော့ အမြဲတမ်းလူတွေ ဝေဖန်နေကြသလိုပဲ အစိုးရနှစ်ရပ် ရှိနေသလိုလိုမှာ သူတို့ရဲ့ ဟိတ်ဟန်ပါဝါတွေကို ဒီထုတ်ပြန်ချက်မှာ တစ်ပါတည်းထည့်ပြီးတော့ ပြထားသလိုလည်း ဖြစ်နေတယ်။” ဟု ဒေါ်အေးနုစိန်က ပြောသည်။

 လူ့အခွင့်အရေးပညာပေးဆိုင်ရာများဆောင်ရွက်နေသော ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက  တပ်မတော်၏ ထုတ်ပြန်ချက်မှာ ထူးခြားမှုရှိနေသည်ဟု ဆိုသည်။  

“တပ်မတော်ဆိုတာ သမ္မတအောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်တယ်။ အဲတော့ ဒီလိုမျိုး ကိစ္စတစ်ခုကို သူတို့အနေနဲ့ ပါဝင်လုပ်ဆောင်တဲ့ ကိစ္စမျိုး ဖြစ်ဖို့လိုအပ်ပေမယ့် အခုဟာက အစိုးရနဲ့ သီးခြား ခွဲထွက်ပြီးတော့ အစိုးရကို ပြန်ပြီးတောင်းဆိုတဲ့ သဘောမျိုး ဖြစ်နေတာကတော့ နည်းနည်းထူးခြားနေပါတယ်။” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly