ဖိလစ်ပိုင်မှာတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဂွန်နီကြောင့် သေဆုံးသူ ၂၀ ဦးအထိမြင့်တက်

ဖိလစ်ပိုင်မှာတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဂွန်နီကြောင့် သေဆုံးသူ ၂၀ ဦးအထိမြင့်တက်
Photo - AFP

နိုဝင်ဘာ ၃

ဖိလစ်ပိုင်မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဂွန်နီကြောင့် မိုးသန်းထန်စွာရွာသွန်းခဲ့ပြီးနောက် မီးတောင်ရှင်မေယွန်အနီးက ရွာတချို့ မီးတောင်ပြာမြေပြိုမှုတွေအကြား နစ်မြုပ်ခဲ့ပါတယ်။  

အိမ်တွေ၊ ကားတွေနဲ့ လမ်းတံတားအဆောက်အအုံများစွာလည်း ပျက်စီးခဲ့ပါတယ်။ ဘီကောဒေသက မြို့အများအပြား ရေနစ်မြုပ်ခဲ့ပြီး နိုင်ငံတစ်လွှား လူပေါင်း အနည်းဆုံး ၂၀ ဦးသေဆုံးခဲ့ပါတယ်။  

ဖိလစ်ပိုင်မှာ ယခုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေအနက် အားအပြင်းဆုံးဖြစ်ပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။  

တိုင်ဖွန်းမုန်တိုင်းဂွန်နီဟာ လေတိုက်နှုန်း တစ်နာရီကို ၂၂၅ ကီလိုမီတာ (၁၄၀ မိုင်) နှုန်းနဲ့ အရှေ့ဘက်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တာဖြစ်ပြီး ကာတန်ဒူအန်နီကျွန်းနဲ့ လူဇုန်ကျွန်းပေါ်က အယ်လ်ဘေးပြည်နယ်တွေဟာ မုန်တိုင်းဒဏ်အခံရဆုံးဖြစ်ပါတယ်။

တချို့ဒေသတွေမှာဆိုရင် အိမ်ခြေ ၉၀ ရာခိုင်နှုန်းအထိ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။  

မီးတောင်ပြာရွှံ့မြေပြိုကျမှုကြောင့် သေဆုံးသူ ၇ ဦးရှိခဲ့ကာ အိမ်ပေါင်း ၁၄၇ လုံးကို ဖုံးလွှမ်းခဲ့တယ်လို့ ဂူနိုဘာတန်မြို့တော်ဝန်က ပြောပါတယ်။  

အယ်လ်ဘေးပြည်နယ်မှာ ၁၄ ဦးနဲ့ ကာတန်ဒူအန်နီပြည်နယ်မှာ ခြောက်ဦးသေဆုံးခဲ့ကာ အိမ်တွေနဲ့ အခြေခံအဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေကပြောပါတယ်။  

ဂွန်နီမုန်တိုင်းဖြတ်သန်းရာလမ်းတစ်လျှောက်က လယ်မြေတွေအပါအဝင် အိမ်ပေါင်း ၂၀ ၀၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး အိမ်အလုံးရေ ၅၈ ၀၀၀ လောက်က တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့တဲ့အကြောင်း မြို့ပြကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required