ပြည်သူ့အောင်ပွဲ ဟိုမှာဘက် အားလုံးအောင်ပွဲ

ပြည်သူ့အောင်ပွဲ ဟိုမှာဘက် အားလုံးအောင်ပွဲ

၂၀၁၅အထွေထွေရွေးကောက်ပွဲသည် အကျအပေါက် အနည်းငယ် ရှိသည်မှအပ ပြည်သူ့အောင်ပွဲအဖြစ် ကမ္ဘာသိမြန်မာသိ ခမ်းခမ်းနားနား ရှိခဲ့သည်။ သို့သော်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကသူ့ပါတီ အင်န်အယ်လ်ဒီအောင်ပွဲကို နိုင်ငံ့အောင်ပွဲအဖြစ် ဆောင်ယူလိုက်သည်။ မဲဆန္ဒရှင် ပြည်သူများအား ဆိတ်ဆိတ်ငြိမ်ငြိမ် အောင်ပွဲခံရန်နှင့် ရှုံးနိမ့်သူများအားလည်း ဂုဏ်သိက္ခာရှိရှိ အကောင်းဆုံး အရှုံးသမားများဖြစ်ကြရန် ပန်ကြားခဲ့သည်။

နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် အဆက်ဆက်အောက်တွင် ပိပြား ငြိမ်ဝပ်စွာဖြင့် ရှင်သန် နေထိုင်ခဲ့ရသူ ပြည်သူများသည် မှင်စွန်းနေခဲ့သော လက်သန်းလေးများဖြင့် မနှစ်လိုသူများအား ဆန့်ကျင် လိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားကြောင့် ပြည်သူများသည် တိတ်တိတ် ဆိတ်ဆိတ်ပင် နေနေကြရသော်လည်း သူတို့၏ ဟဒယတွင် ကျေနပ်မှုများဖြင့် ကိန်းအောင်နေလေ သည်။

ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲဟု တင်စားခဲ့သည့်အတိုင်း နိုဝင်ဘာ ၈ မြန်မာ့သမိုင်းဝင် ရွေးကောက်ပွဲသည် လက်ရှိအနေအထားများမှ ကျွတ်လွတ်ရာဆီ ပြောင်းလဲ ချိန်တန်ပြီဖြစ်ကြောင်း ကိုမြန်မာသိ ကမ္ဘာသိ ထင်ရှားစေခဲ့သည်။ ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီ အင်န်အယ်လ်ဒီသည် မကြာမီကာလတွင် ပြည်သူအများစုက မြင်ချင်နေသော လိုလားသည့် အစိုးရသစ်တစ်ရပ်အဖြစ် ပုံပေါ် လာဖွယ် ရှိသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်၏ အဓိကအာဏာရှိ ပုဂ္ဂိုလ်များဖြစ်သော သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စု လွှတ်တော် နာယကသူရဦးရွှေမန်းတို့နှင့် အာဏာအလွှဲအပြောင်းအေးအေးညောင်းညောင်း ဖြစ်စေရန်တွေ့ဆုံ ဆွေးနွေးကြပါမည့်အကြောင်း တောင်းဆိုထားပြီး၊ မကြာမီတွင် လက်တွေ့ မျက်တွေ့တွေ့ဆုံ ပွဲများ ပေါ်ပေါက်လာဖွယ် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီသည် ပြည်သူများ၏ တခဲနက် ထောက်ခံမှုများဖြင့် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်သော အစိုးရ သစ်တစ်ရပ်ကို ဖွဲ့စည်း တည်ဆောက်မည်ဟု မျှော်လင့်ရဖွယ် ရှိသည်။ ပြည်သူများသည် စိတ်ကူးယဉ် အစိုးရတစ်ရပ်ကို တစ်ယောက်တစ်မျိုး ဖွဲ့စည်းနေကြသည်။ အရည်အချင်းရှိသော ရှုံးနိမ့်သွားသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ တိုင်းရင်းသား ခေါင်းဆောင်များပါ မကျန်ရစ်စေဘဲ အားကောင်းမောင်းသန် အစိုးရတစ်ရပ်ကို ဖွဲ့စည်းစေချင်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီသည် မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေ တွင် နိုင်ငံရေး စင်မြင့်ထက်သို့ ရောက်ရှိလာသည်။ ဒေသတွင်း နိုင်ငံအသီးသီးသို့ အနေအထား အမျိုးမျိုးဖြင့် ရောက်ရှိနေသူများပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီ၏ အောင်ပွဲကြောင့် မျက်နှာ ပန်းပွင့်လန်းနေကြောင်း ကောင်းသော သတင်းစကားများ ကြားနေရသည်။ ဤအတိုင်းမှန် လျှင် အင်န်အယ်လ်ဒီ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ ဖြစ်လာမည်မှာ သေချာနေသည်။

လာမည့် လေးလအတွင်းတွင် အာဏာအလွှဲအပြောင်းနှင့် ပတ်သက်၍ စိန်ခေါ်မှုများ ကြုံတွေ့ရ ဖွယ် ရှိသည်။ သို့သော် ကမ္ဘာသိလက်ခံ အသိအမှတ် ပြုခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းနှင့် ဦးဆောင်မှု အောက်တွင် မြန်မာသည် ဒေသတွင်းတွင်ရော နိုင်ငံတကာ စင်မြင့်တွင် ပါ ထိုက်တန်သည့်နေရာ ပြန်လည်ရရှိနိုင်ရန် အခွင့်အလမ်းများ ရှိနေကြောင်းကို အသိအမှတ်ပြုခဲ့ကြ ပြီး ဖြစ်သည်။

မြန်မာသည် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သည့် ပြည်ထောင်စုဖြစ်ပြီး၊ တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးနှင့် လူ့အခွင့်အရေးများကို ပြည့်ပြည့်ဝဝ ခံစားထိုက်ပါသည်။ ၂၀၁၅ နိုဝင်ဘာ ၈ တွင် မဲဆန္ဒရှင် ပြည်သူများသည် မည်မျှစိတ်ရှည် သည်းခံ စည်းစနစ်ကျနခဲ့သည် ကိုလည်း ပြဆိုခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ အာဏာအလွှဲအပြောင်း ညင်သာပြီး အာဏာရ၊ အာဏာမဲ့၊ အင်န်အယ်လ်ဒီ ထောက်ခံသူ၊ မထောက်ခံသူများ အားလုံးပြုံးပျော်နိုင်သည့် မြန်မာ့အောင်ပွဲကို လက်တွေ့ မျက်တွေ့ ထွန်းပေါ်သင့်ပါကြောင်း မဇ္ဈိမက တောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags