NLD ပါတီအင်္ကျီဝတ်ဆင်ထားသူတချို့၏လုပ်ဆောင်မှု ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်မှုများရှိနေဟု PPP ပါတီပြော

NLD ပါတီအင်္ကျီဝတ်ဆင်ထားသူတချို့၏လုပ်ဆောင်မှု ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်မှုများရှိနေဟု PPP ပါတီပြော
ဓာတ်ပုံ - သူရ / မဇ္ဈိမ

နိုဝင်ဘာ ၁ရက်
 

အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲရောက်ယူရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအင်္ကျီဝတ်ဆင်ထားသူတချို့၏လုပ်ဆောင်မှုများသည် ရွေးကောက်ပွဲနည်းဥပဒေနှင့် ဆန့်ကျင်မှုများရှိနေ ကြောင်း ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP)တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီတည်ထောင်ရာတွင် အသက်တမျှအရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်နေမှု များသည် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များနှင့်သွယ်ဖယ်နေသည့်အချက်များပါဝင်နေခြင်းကြောင့် တင်ပြလိုခြင်းဖြစ်ကြောင်း ပါတီဥက္ကဌဒေါ်သက်သက် ခိုင်က အောက်တိုဘာ ၃၁ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီတဲ့ လုပ်ဆောင်ချက်တွေကို ရှိတာကို သက်သေအထောက်အထာတွေနဲ့ တင်ပြလိုခြင်း ဖြစ်ပါတယ်။ တင်ပြတဲ့အချိန်မှာ အဓိကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေ စီတည်ထောင်ရာမှာ တကယ်ကို အသက်တမျှအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။” ဟု ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်မြို့နယ်၊အမှတ်(၅) ရပ်ကွက်၊မဲရုံအမှတ်(၂၀) တွင် အောက်တိုဘာ ၃၀ရက်က ပြုလုပ်သည့် ကြိုတင်မဲပေးမှု၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီအင်္ကျီဝတ်ဆင်ထားသူများက  ကြိုတင်မဲပေးသည့်လုပ် ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသည့်အပြင် NLD ပါတီအား မဲထည့်ကြရန် ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း ပါတီဒုဥက္ကဌ (၄)ဖြစ်သူ ဒေါ်ငုဝါဝင်းက ပြောသည်။

ထို့ပြင် NLD အင်္ကျီဝတ်ဆင်ထားသူများသည် မဲရုံအရှေ့၌ အနီရောင်စတစ်ကာများ ကပ်ထားပြီး NLD ပါတီအ လံများချိတ် ဆွဲထားသည့် မော်တော်ယာဉ်တစ်စီးကိုပါ ရပ်ထားခြင်းများပြုလုပ်ခဲ့ကြောင်းလည်း ပါတီဒုဥက္ကဌ (၄)ဖြစ်သူ ဒေါ်ငုဝါဝင်းက ၎င်းသတင်းစာရှင်းလင်းပွဲတွင် အထောက်အထား ဓာတ်ပုံများတကွ ပြောကြားခဲ့ သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်၊ မဲရုံအမှတ် (၃) အတွက် ကြိုတင် မဲကောက်ယူမည့် အောင်သုခ (၁) လမ်းဓမ္မာရုံတွင် NLD ပါတီအင်္ကျီဝတ်ဆင်ထားသူများ ဆန်ဝေရန် ပြင်ဆင် ထားပြီး ဓမ္မာရုံ၌ NLDပါတီအလံများ လွှင့်ထူခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။

မဲရုံများတွင် ယခုလိုဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် သက်သေအထောက် အထားများနှင့်တကွ ကန့်ကွက်စာတင်ရန် ပြင်ဆင်ထားပြီး ဖြစ်စဉ်ဖြစ်ရပ်များကို မှတ်တမ်းတင်ကာ ကြေညာ ချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။

“လုပ်ထုံးလုပ်နည်းတွေ၊ ပြဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းကနေ လုပ်လို့ရတာတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒါကတော့ တချို့နေရာတွေမှာ သက်သေသာဓကတွေအားလုံး ရှိတဲ့နေရာတွေမှာ ဒီမဲရုံမှာ ဒီလိုရှိတယ် ဆိုပြီးတော့ ဥပဒေနဲ့အညီ ကန့်ကွက်တဲ့ အကြောင်းအရာ စာတင်တာတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဖြစ်စဉ်ဖြစ်ရပ်တွေအားလုံးကို မှတ်တမ်းတင်ပြီးတော့ ကြေညာချက်တွေလဲ ထုတ်ပြန်သွားပါမယ်။ ဒါက လက်ရှိကာလအတွင်း လုပ်နိုင်တာတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။” ဟု ပါတီဒုဥက္ကဌ (၄)ဖြစ်သူ ဒေါ်ငုဝါဝင်းက ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ကမူ ပါတီကို အတိအကျ သက်သေအထောက်များနှင့်တကွ ပေးပို့ပါက ပါတီ၏ လုပ်ထုံးလုပ်နည်းအတိုင်း ချက်ချင်းအရေးယူသွားမည်ဖြစ်ကြောင်း ပြောသည်။

“ဒါကတော့ သူတို့ရဲ့ စွပ်စွဲချက်ပေါ့လေ။ အတိအကျ ကျွန်တော်တို့ပါတီကို အချက်အလက်တွေပေးရင် ကျွန်တော်တို့ ပါတီက လုပ်တာဆိုရင် ချက်ချင်းပဲ အရေးယူလိုက်ပါမယ်။ ဘယ်မှာဖြစ်တယ်၊ ဘယ်သူက လုပ်တယ်ဆိုတာ ကို ကျွန်တော်တို့ မသိပါဘူး။” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ကိုဗစ်ရောဂါကပ်ဘေးကာလအတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်မဲများစတင်ကောက် ယူလျက် ရှိသည်။

ထိုသို့ ကြိုတင်မဲများကောက်ယူနေစဉ်အတွင်း ကြိုတင်ဆန္ဒမဲပေးမည့် နေရာအဆောက်အဦးသို့ လာရောက်ချိန် တွင် နိုင်ငံရေးပါတီ တံဆိပ်ပါ အဝတ်အစား၊ အသုံးအဆောင်များ ဝတ်ဆင်သုံးစွဲ၍ လာရောက်မဲပေးခြင်းကို မပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၂၅ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့ ကြိုတင်မဲယူသည့် ကိုက် ၅၀၀ အတွင်း မဲဆွယ်စည်းရုံးရေးမလုပ်ရန်တားမြစ်ထားပြီးဖြစ်သည့်အတွက် လိုက်နာမှုမရှိပါက တပါတည်းဖမ်းဆီးအရေးယူမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်အနောက် ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝင်းနိုင်က ပြောသည်။

“မဖြစ်ခင်ကတည်းက ဒီနားမှာလာပြီး မဲမဆွယ်ပါနဲ့လို့ တစ်ခါတည်းတားလိုက်ပါတယ်။ တားလို့မရရင် တစ်ပါတည်း ရဲနဲ့ဖမ်းချုပ်တာ။ ကျွန်တော်တို့ ကြိုတင်မဲယူနေတဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးရေး ပန်းဖလပ် မဝေပါနဲ့ဆိုပြီး တားပြီးသားဖြစ်ပါတယ်။ လုပ်နေတယ်ဆိုရင်လဲ တစ်ခါတည်း တားမှာဖြစ်ပါတယ်။” ဟု ဦးဝင်းနိုင်က ပြောသည်။

ရွေးကောက်ပွဲနည်းဥပဒေ ၆၂ အရ ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံနှင့် ကိုက် ၅၀၀ အကွာအဝေးတွင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆန္ဒမဲပေးရန် တောင်းဆိုခြင်း၊ ဆန္ဒမဲပေးရန် တိုက်တွန်း သွေးဆောင်ခြင်းများ မလုပ်ရဟု ဖော်ပြထားပြီး ဖောက်ဖျက်လုပ်ဆောင်သူများကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ် ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

လွတ်လပ်ပြီးတရားမျှသည့် ရွေးကောက်ပွဲကျင်းပရန်သည် ပါတီအားလုံးတွင် တာဝန်ရှိပြီး ပြည်သူအား လုံးတွင်လည်း တာဝန်ရှိကြောင်းနှင့် အဓိကတာဝန်ရှိသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဖြစ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly