၂၀၃၅ ၌ ကြီးပွားချမ်းသာမှုရေချိန်သစ်သို့ရောက်ရှိရန် တရုတ်ရည်မှန်း

၂၀၃၅ ၌ ကြီးပွားချမ်းသာမှုရေချိန်သစ်သို့ရောက်ရှိရန် တရုတ်ရည်မှန်း

အောက်တိုဘာ ၃၁

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် ၂၀၃၅ ခုနှစ်၌ ကမ္ဘာလုံးဆိုင်ရာ နည်းပညာခေါင်းဆောင်ဖြစ်လာစေရေး ဒွိဟဖြစ်စေသောရည်မှန်းချက်ထားရှိလျက် ၂၀၂၁ - ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးစီမံချက်တစ်ခုကို ကြာသပတေးနေ့ အောက်တိုဘာ ၂၉ ရက်က သဘောတူလက်ခံခဲ့သည်။

ထိုရက် ညနေပိုင်းက နိုင်ငံပိုင်မီဒီယာ ဆင်ဟွာသတင်းဌာနမှတစ်ဆင့် ထုတ်ပြန်လာသော အစိုးရပြန်တမ်းတွင် တရုတ်နိုင်ငံ၏ထိပ်တန်း မူဝါဒချမှတ်ရေးအဖွဲ့သည် ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန် ပြည်တွင်းဈေးကွက်ကို မှီခိုမည့် ဖွံ့ဖြိုးမှုပုံစံအသစ်ကို အဆိုပြုခဲ့ကြသည်။ ပေကျင်းက ၎င်းကို ‘ဒွိလည်ပတ်မှုနည်းဗျူဟာ’ (Dual Circulation Strategy) ဟု ခေါ်သည်။  

စီးပွားရေးတိုးတက်မှုအလျောက် လူတစ်ဦးချင်းဝင်ငွေတိုးလာခြင်းနှင့်အတူ ပြည်သူ၏ သာယာဝပြောမှုသည် ရေချိန်သစ်သို့ရောက်ရှိလိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၃၅ ခုနှစ်တွင် လူတစ်ဦးချင်း ဂျီဒီပီသည် အလယ်အလတ်ဖွံ့ဖြိုးပြီးနိုင်ငံများအဆင့်သို့ ရောက်ရှိလျက် တရုတ်၏ စီးပွားရေး၊ သိပ္ပံနှင့် အဘက်ဘက်က အမျိုးသားအင်အားသည် သိသိသာမြင့်တက်လာမည်ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်အဆိုအရ တရုတ်နိုင်ငံ၏ လူတစ်ဦးချင်းစုစုပေါင်းပြည်တွင်းထုတ်ကုန်သည် ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၀ ၂၆၁ သို့ရောက်ရှိခဲ့သည်။ အီတလီနှင့် စပိန်တို့ကဲ့သို့သော အတန်အသင့်ဖွံ့ဖြိုးပြီး နိုင်ငံများကို အမီလိုက်ရန်  လူတစ်ဦးချင်း ဂျီဒီပီ အမေရိကန်ဒေါ်လာ ၃၀ ၀၀၀ ရှိရမည်ဖြစ်သည်။  

သမ္မတရှီကျင့်ဖျင်ကြီးမှူးသော ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် ၂၀၀ ခန့်ပါဝင်သော လေးရက်ကြာ မျက်နှာစုံညီအစည်းအဝေးအပြီးတွင် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်ခေါင်းဆောင်ပိုင်းအကြား အလားအလာရှိသော လူပုဂ္ဂိုလ်ဆိုင်ရာအပြောင်းအလဲအပေါ် အရိပ်အမြွက်တစ်စုံတစ်ရာပြောကြားခဲ့ခြင်းမရှိပေ။ ငါးနှစ်စီးပွားရေးစီမံကိန်းကို လာမည့်နှစ်တွင်  အမျိုးသားပြည်သူ့ကွန်ဂရက်မှ ဥပဒေပြုအာဏာပိုင်အဖွဲ့က တရားဝင် အတည်ပြုမည်ဟု မျှော်လင့်ရသည်။  

အဆိုပြုလွှာများနှင့်ဆက်စပ်နေသော နောက်ခံအခြေအနေမှာ နိုင်ငံတကာအဆင့်တွင် အာဏာအရွှေ့အပြောင်းတစ်ခု ဖြစ်ပေါ်နေသည်ဟူသော နားလည်မှုပင်ဖြစ်သည်။  

“ယနေ့ကမ္ဘာကြီးသည် နှစ်ပေါင်းတစ်ရာအတွင်း မမြင်တွေ့ခဲ့ရသည့် ကြီးမားသောပြောင်းလဲမှုတစ်ခုကို ကြုံတွေ့နေရသည်။ အပြည်ပြည်ဆိုင်ရာ အာဏာချိန်ခွင်လျှာကို အကြီးအကျယ် အလိုက်သင့်ချိန်ညှိထားသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။  

အခြေအနေရဖြစ်လာသည့် စိန်ခေါ်မှုအသစ်များနှင့် အခွင့်အလမ်းအသစ်များကို လက်ခံပြီး အသင့်ပြင်ဆင်ထားရန် တရုတ်နိုင်ငံအား တိုက်တွန်းခဲ့သည်။  

နိုင်ငံအနေဖြင့် ကာကွယ်ရေးအပါအဝင် နယ်ပယ်အများတွင် မိမိကိုယ်ကို အားကိုးနိုင်ရန်အတွက် ဆန်းသစ်တီထွင်မှုများအရှိန်မြှင့်ရန်လိုအပ်သည်ဟု ဖိအားပေးပြောဆိုကာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် တရုတ်၏ ကိုယ်ပိုင် ထောက်ပံ့ဖြည့်ဆည်းရေးကွင်းဆက်ခိုင်မာစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို တိုးမြှင့်ရန်ရည်ရွယ်ကြောင်း ကော်မတီက ပြောကြားခဲ့သည်။  

အမေရိကန်နှင့် ကုန်သွယ်ရေးပွတ်တိုက်မှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရိုက်ခတ်ခံရသည့်အတွက် အစိုးရသည် နည်းပညာတီထွင်မှုကို အရှိန်မြှင့်တင်ခြင်းဖြင့်  အရည်အသွေးမြင့်ပစ္စည်းထုတ်လုပ်သူဖြစ်လာစေရေး ‘Made in China 2025’ ကိုယ်ပိုင်နည်းဗျူဟာကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည် ။ တစ်ချိန်တည်းမှာပင် ပြင်ပဝယ်လိုအားအပြောင်းအလဲကို ခံနိုင်ရည်မရှိမှုနည်းပါးစေရန် မျှော်လင့်ထားသည်။

လျှပ်စစ်ကားများနှင့် တရုတ်တို့ တစ်ပန်းသာသည့် မြေရှားသတ္တုထုတ်လုပ်ခြင်းကဲ့သို့သော ကဏ္ဍများတွင် အစီအစဉ်ရေးဆွဲထားသော အရှိန်မြှင့်တင်မှုသည် ကိုယ်ပိုင်ဖူလုံမှုနှင့်လွှမ်းမိုးမှုကို ရရှိနိုင်ရေးဖြစ်သော အစိုးရ ၏ရည်မှန်းချက်များနှင့် အံဝင်ခွင်ကျဖြစ်သည်။ တရုတ်နည်းပညာတိုးတက်မှုကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူထားသော အမေရိကန်နှင့် ပြိုင်ဆိုင်မှုကိုလည်း အားပေးထောက်ခံရာရောက်သည်။

ဒေသထွက်အစိတ်အပိုင်းများနှင့် ပေါင်းစပ်တပ်ဆင်ထားသည့် Tesla မော်တော်ကားအစီးရေ ၇ ၀၀၀ ကို ရှန်ဟိုင်းဆိပ်ကမ်းမှ ပြင်သစ်နှင့်ဂျာမနီကဲ့သို့သော နိုင်ငံများသို့ အင်္ဂါနေ့က ပထမဆုံးတင်ပို့ခဲ့သည်။  

“တရုတ်နိုင်ငံထုတ် Model 3 မော်တော်ကားတွေ ဥရောပကိုတင်ပို့တာဟာ သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ တရုတ်ရဲ့ လျင်မြန်မှုနဲ့ အရည်အသွေးကို သက်သေပြလိုက်တာပါ” ဟု Tesla China ဥက္ကဋ္ဌ Tom Zhu က ပြောကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။  

ယခုနှစ် ပထမကိုးလအတွင်း မော်တော်ကားအစီးရေ ၈၅ ၀၀၀ ကျော်ထုတ်ခဲ့သည် Tesla ကားကုမ္ပဏီသည် တရုတ်၏ပြုပြင်ပြောင်းလဲမှုဇာတ်ကြောင်းအတွက် စံနမူနာပင်ဖြစ်သည်။ အမေရိကန်ကားကုမ္ပဏီ Tesla သည် နိုင်ငံခြားသားပိုင်ဆိုင်မှု ရာခိုင်နှုန်းအပြည့်အဝနှင့် အလျင်အမြန်ပြီးစီးရေးသဘောညီချက်များ ရရှိထားကာ ပြီးခဲ့သည့်နှစ်အစောပိုင်း ကားစက်ရုံတည်ဆောက်မှုစပြီး တစ်နှစ်အကြာမှာပင် ကားများထုတ်လုပ်နိုင်ခဲ့သည်။   

နောက်တစ်ဆင့်အဖြစ် ကမ္ဘာလုံးဆိုင်ရာ သိပ္ပံဆိုင်ရာနယ်ခြားများကို ပစ်မှတ်ထားကြောင်း အစိုးရအရာရှိများကပြောသည်။ “လာမယ့်ငါးနှစ်အတွင်းမှာ ဆန်းသစ်တီထွင်မှုတွေပါတဲ့ ထုတ်လုပ်နည်းဗျူဟာတွေကို ထပ်ပြီး အကောင်ဖော်သွားမှာပါ” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးက အောက်တိုဘာ ၂၁ တွင် သတင်းထောက်များကို ပြောသည်။  

တရုတ်သည် ၎င်း၏ကျယ်ပြန့်သောပြည်တွင်းဈေးကွက်နှင့် ထောက်ပံ့ဖြည့်ဆည်းရေးကွင်းဆက်အပေါ် အမြတ်ထုတ်ရန် Made in China 2025 အသေးစိတ်စီမံချက်ကို ၂၀၁၅ ခုနှစ်က စတင်မိတ်ဆက်ခဲ့ကာ ဈေးပေါအရည် အသွေးညံ့သောပစ္စည်း ထုတ်လုပ်သူအဖြစ်မှ  နည်းပညာမြင့်ပစ္စည်းထုတ်လုပ်ည့်ခေါင်းဆောင်ဖြစ်လာစေရန် လှုပ်ရှားခဲ့သည်။  

“ထွန်းသစ်စနည်းပညာကိုအာရုံစူးစိုက်အလေးထားတာဟာ တရုတ်ကို ထုတ်လုပ်မှုစူပါအင်အားကြီးနိုင်ငံအဖြစ်တည်ထောင်ဖို့ ရည်ရွယ်ထားတဲ့ Made in China 2025 မဟာဗျူဟာရဲ့ အခြေခံလိုအပ်ချက်အတော်များများနဲ့ လွန်စွာကိုက်ညီမှုရှိပါတယ်” ဟု ဂျာမနီနိုင်ငံက တရုတ်လေ့လာသုံးသပ်ရေး Mercator Institute က စီးပွားရေးပညာရှင်အကြီးအကဲ Max Zenglein က Nikkei Asia သို့ ပြောသည်။

တရုတ်သည် လာမည့် ငါးနှစ်မှ ၁၀ နှစ်အတွင်းတွင် 5G၊ လျှပ်ကူးပစ္စည်းများ၊ စမတ်ပစ္စည်းကိရိယာများနှင့် မောင်းသူမဲ့ယာဉ်များ စသည့်ကဏ္ဍများတွင် ထိုးဖောက်ကျော်လွှားရန် မျှော်လင့်ထားသည်ဟု Zhongtai Securities က တနင်္လာနေ့ထုတ် သုတေသနစာစောင်တွင် ရေးသားခဲ့သည်။

ထို့အပြင် အစိုးရသည် ၂၀၆၀ ခုနှစ်တွင် ကာဗွန်ထုတ်လုပ်မှုကင်းစင်စေရန် ရည်မှန်းထားသောကြောင့် ငါးနှစ်စီမံကိန်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုလည်း အသားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှန်ဒုန်းအခြေစိုက် စီးပွားရေးအကျိုးဆောင်ကုမ္ပဏီ Zhongtai Securities ကပြောသည်။

တရုတ်သည် ကမ္ဘာ့ဉာဏဆိုင်ရာမူပိုင်ခွင့်အဖွဲ့အစည်း၏အချက်အလက်များအရ ဂျပန်မှအပ စင်ကာပူ၊ကိုရီးယားအပါအဝင် အာရှနိုင်ငံများကို ကျော်တက်ကာ ၂၀၂၀ ခုနှစ် ကမ္ဘာ့ဆန်းသစ်တီထွင်မှုအညွှန်းကိန်းတွင် အဆင့် ၁၄ နေရာ၌ ဆက်လက်တည်ရှိနေသည်။  

ပြီးခဲ့သည့် ငါးနှစ်အတွင်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်သုံစွဲခြင်းသည် ယွမ် ၁.၄၂ ထရီလီယံမှ ယွမ် ၂.၂၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂၉ ဘီလီယံ) သို့ တိုးမြှင့်ခဲ့သည်။  

၂၀၂၅ တွင် တရုတ်၏နည်းပညာဂေဟစနစ်သည် ကြီးထွားလာပြီး အလေးထားလုပ်ဆောင်မှုကို စားသုံးသူအင်တာနက်မှ စက်မှုဆိုင်ရာအင်တာနက်နယ်ပယ်သို့ ပြောင်းလဲလိုက်သောကြောင့် ဆီလီကွန်တောင်ကြားနည်း ပညာကုမ္ပဏီများတွင် အပါအဝင်ဖြစ်လာသည်ဟု အမေရိကန်စီးပွားရေးအကြံပေးကုမ္ပဏီ Paulson Institute ၏ တနင်္လာနေ့က ပြောကြားခဲ့သည်။

တရုတ်သည် စက်မှုလုပ်ငန်းဆိုင်ရာအင်တာနက်သို့ကူးပြောင်းရာတွင် လွယ်ကူချောမွေ့စေရန် cloud computing၊ 5G ကွန်ရက်၊ နည်းပညာသုံးမြို့ကြီးများနှင့် စောင့်ကြည့်လေ့လာရေးကွန်ရက်များတွင် စွမ်းဆောင်ရည် မြင့်မားသော အခြေခံအဆောက်အအုံအသစ် ဖြန့်ကြက်ခြင်းများတွင် အကြီးအကျယ်အောင်မြင်လိမ့်မည်ဟု ဆိုသည်။  

လတ်တလောတွင် တရုတ်သည် လျှပ်စစ်ကားနှင့် မြေရှားသတ္တုထုတ်လုပ်ခြင်းကဲ့သို့သော အနည်းဆုံးနယ်ပယ်နှစ်ခုတွင် အထင်အရှားလုပ်ကိုင်အောင်မြင်နေသည်။ အရှိန်အဟုန်မြှင့်ထုတ်လုပ်ရာတွင် လူ့စွမ်းအားများပေး ဆပ်နေရခြင်းသည် အလုပ်အကိုင်ဖန်တီးခြင်းနှင့် တပ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းအတွက် ဂယက်ရိုက်မှုများရှိလာနိုင်သောကြောင့် အမေရိကန်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ရသည်ဟု အမျိုးသားလုံခြုံရေး ရှုထောင့်မှနေ၍ သန့်ရှင်းသောစွမ်းအင်အသွင်ကူးပြောင်းမှုကို ထောက်ခံသော ဝါရှင်တန်အခြေစိုက် Securing America's Future Energy ကုမ္ပဏီက စက်တင်ဘာအစီရင်ခံစာတွင်  ဖော်ပြခဲ့သည်။  

နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏အဆိုအရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့လမ်းမများပေါ်ရှိ လျှပ်စစ်မော်တော်ယာဉ်ပေါင်း ၇.၂ သန်းအနက် ၄၇% သည် တရုတ်တွင်ရှိသည်။ ဘက်ထရီစွမ်းအင်သုံးမော်တော်ယာဉ်များနှင့် အဆင်ပြေပြီး နောက် တရုတ်သည် စက်တင်ဘာတွင် မူဝါဒ မက်လုံးသစ်များထပ်မံချမှတ်လျက် ဟိုက်ဒရိုဂျင်လောင်စာသုံး မော်တော်ယာဉ်များကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းလျက်ရှိသည်။  

ဝယ်ယူမှုများကို ထောက်ပံ့ရမည့်အစား လတ်တလော မြှင့်တင်ရေးအစီအစဉ်အရ  အစိုးရသည် လောင်စာဆဲလ်နည်းပညာအသုံးပြုမှုနှင့်ဆက်စပ်သည့် အမျိုးမျိုးသောရည်မှန်းချက်များနှင့်ကိုက်ညီမည့် မြို့ကြီးများကို ရွေးချယ်မည်ဖြစ်သည်။

ထောက်ပံ့ရေးဗျူဟာပြောင်းလဲမှုနှင့်အတူ အာဏာပိုင်များသည် နည်းပညာဆိုင်ရာတိုးတက်မှုများကို မစွန့်လွှတ်ဘဲ ကားထုတ်လုပ်သူများအား အစိုးရအထောက်အပံ့အပေါ်မှီခိုအားထားခြင်းကို ဖြတ်တောက်ပစ်စေရန် ရည်ရွယ်သည်ဟု စွန့်စားမှုအကြံပေး Eurasia Group ၏ စက်တင်ဘာ ၂၅ ရက်ထုတ် အစီရင်ခံစာတွင် ဆိုထားသည်။

နိုင်ငံကျောထောက်နောက်ခံပြု တရုတ်အင်ဂျင်နီယာတက္ကသိုလ်သည် မြေရှားသတ္တုဆိုင်ရာမူဝါဒအဆိုပြုချက်တချို့ကို အောက်တိုဘာအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ သတ္တုတွင်းထွက်ပစ္စည်းများအသုံးပြုမှုတိုးချဲ့ခြင်းကို အားပေးထောက်ခံလျက် ၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်အား မြေရှားသတ္တုစူပါအင်အားကြီးနိုင်ငံဖြစ်လာစေရန် အစိုးရအနေဖြင့် ကူညီပံ့ပိုးရန် တိုက်တွန်းခဲ့သည်။

စမတ်ဖုန်းနှင့် တခြားလျှပ်စစ်ပစ္စည်းများထုတ်လုပ်ရန်အတွက် အရေးပါလှသော မြေရှားသတ္တုကမ္ဘာလုံးဆိုင်ရာဈေးကွက်၏ ၆၀% ကျော်ကို တရုတ်က ထိန်းချုပ်ထားသည်။  

၂၀၃၅ ခုနှစ်၌ တရုတ်သည် ကာကွယ်ရေးနည်းပညာတွင် အသုံးပြုနိုင်သည့် မြင်ကွင်းဆိုင်ရာအသုံးချနိုင်သော သလင်းကဲ့သို့ပုံဆောင်ခဲများနှင့် လွန်စွာသန့်စင်သော မြေရှားသတ္တု ၉၅ % ကျော် ဖူလုံပြည့်စုံလာနိုင်သည်ဟု ဆိုသည်။  

သို့သော်လည်း အနာဂတ်လမ်းသည် မချောမွေ့ပေ။ Huawei နည်းပညာကုမ္ပဏီနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် ကော်ပိုရေးရှင်းသည် အမေရိကန်၏ ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုနှင့် ရင်ဆိုင်နေရသည်။  တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းကိရိယာများအပေါ် ကန့်သတ်မှုတိုးမြှင့်ခြင်းကြောင့် တရုတ်သည် ၎င်း၏ chip ပစ္စည်းများထုတ်လုပ်ရန် ထောက်ပံ့ပြည့်ဆည်းရေးကွင်းဆက်အား ထပ်မံနှောင့်ယှက်ခံရခြင်း ကို ဆက်လက်တင်းခံနေရကြောင်း Paulson Institute က ဆိုသည်။  

တရုတ်သည် အခြေခံသုတေသနနယ်ပယ်များတွင် လေထန်ရေဆန်တိုက်ပွဲတစ်ခုကိုလည်း ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ သို့သော်လည်း ဆန်းသစ်တီထွင်မှုအတွက် အမျိုးသားရေးအခြေခံအဆောက်အအုံတစ်ခုအောင်မြင်ရန် ပညာရေးနှင့်ကော်ပိုရေးရှင်းကဏ္ဍများ ဆော်ဩစည်းရုံးရေးကို အသိအမှတ်ပြုသင့်ကြောင်း Mercator Institute က စီးပွားရေးပညာရှင်အကြီးအကဲ Max Zenglein က ပြောသည်။  

“အမျိုးသားရေးဂုဏ်ရဲ့ အခရာကျတဲ့အရာတွေနဲ့ပေါင်းစပ်ပြီး   ထွက်ပေါ်လာတဲ့အင်အားတွေကို လျှော့မတွက်သင့်ဘူး” ဟု Zenglein က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly