ရွေးကောက်ပွဲ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ရှိသော်လည်း လုံခြုံရေးပံ့ပိုးမှု အားနည်းဟု NMF စစ်တမ်းက ဖော်ပြ  

ရွေးကောက်ပွဲ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ရှိသော်လည်း လုံခြုံရေးပံ့ပိုးမှု အားနည်းဟု NMF စစ်တမ်းက ဖော်ပြ  
ဓာတ်ပုံ - NMF

ရန်ကုန်၊ အောက်တိုဘာ ၃၁ 

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းထားသော်လည်း လုံခြုံရေးပံ့ပိုးမှု အားနည်းနေကြောင်း နယူးမြန်မာ ဖောင်ဒေးရှင်း (NMF) ၏ စစ်တမ်းက ဖော်ပြသည်။ 

ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ကာလရှည် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၁ဝဝ ဖြင့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ဒေသအခြေပြု အဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင် အချို့အပါအဝင် ဖြေဆိုသူပေါင်း ၁၆ဝ ဝန်းကျင်ကို အခြေခံ ပြုစုထားသော စစ်တမ်းဖြစ်ပြီး ဖြေဆိုသူအားလုံး၏ ၈ဝ ရာခိုင်နှုန်းနီးပါးက မဲဆွယ်စည်းရုံးရေးကာလ လုံခြုံရေး အထောက်အပံ့ မရရှိကြောင်း ဖြေဆိုထားသည်ဟု စစ်တမ်းတွင် ပါရှိသည်။ 

“အများစုကတော့ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ တော်တော်များများရော၊ အောက်ခြေအဆင့်မှာရှိတဲ့ ကော်မရှင်တွေရော ဒီရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ ရှိတယ်ဆိုတာကို မသိကြတဲ့ အခြေအနေကို ဖြစ်နေတယ်လို့ ဒီလိုပဲ ကျွန်မတို့ နားလည်ထားပါတယ်၊ ဒီအင်တာဗျူးတွေအရ” ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ နယူးမြန်မာ ဖောင်ဒေးရှင်းမှ ဒေါ်မြနန္ဒာသင်းက ပြောသည်။ 

ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်နှင့် ရပ်မိရပ်ဖ နှစ်ဦးတို့ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးရာဇာအေးက “နိုင်ငံရေးပါတီတစ်ခုက ဒီလမ်းကို စုစည်းလှည့်လည်မယ်ဆို တင်ပြရတယ်။ အဲဒီအခါ ကော်မရှင်က နှစ်ဖွဲ့ထပ်နေတာတွေ၊ ဘာတွေ ဖြစ်လာရင် ဒီနေ့တော့ ဘယ်ပါတီက မလှည့်နဲ့ဆိုပြီး ညှိနှိုင်းပေးရတာ ရှိပါတယ်။ မြို့နယ်အုပ်ချုပ်ရေးတို့၊ ရဲတပ်ဖွဲ့တို့ကို မိတ္တူပေးရပါတယ်၊ နိုင်ငံရေးပါတီတွေက။ အဲဒီလို စနစ်တကျလုပ်ရင်တော့ ဒီလမ်းကြောင်းမှာ လုံခြုံရေးပိုင်းဆိုင်ရာ စောင့်ကြည့်တာတွေ ရှိပါတယ်။ တချို့ပါတီတွေဘက်က မိတ္တူမပို့တော့ ကျွန်တော်တို့ မသိလိုက်တဲ့ အပိုင်းတွေ ရှိပါတယ်” ဟု ပြောသည်။ 

ယခု အောက်တိုဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်တွင် လူထောင်နှင့်ချီ အင်အားပြ မဲဆွယ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးဆောင်ဝန်းရံသူ ၂၂ ဦးကို ကပ်ရောဂါကာလ ပြည်သူများ၏ ကျန်းမာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်ဟုဆိုကာ  သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ ဖြင့် အရေးယူရန် အမှုဖွင့်ခဲ့သည်။ 

ကိုဗစ်ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် Stay at Home အမိန့် ထုတ်ပြန်ထားသော တိုင်းဒေသကြီး၊ ပြည်နယ်အများစုတွင် အမိန့်ညွှန်ကြားချက်များကို မလိုက်နာဘဲ လူထောင်သောင်းချီပြီး မဲဆွယ်စည်းရုံး ထောက်ခံမှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူမှု မတွေ့ရဘဲ ပုသိမ်မြို့တွင် ပထမဆုံး အရေးယူခဲ့ခြင်း ဖြစ်သည်။ 

ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီများ အနေဖြင့် မဲရုံလုံခြုံရေး၊ မဲလက်မှတ် သယ်ယူပို့ဆောင်ရေးတွင် လုံခြုံရေး၊ ရွေးကောက်ပွဲ ကျင်းပနေစဉ် လုံခြုံရေးတို့အပြင် မဲဆွယ်ကာလ ပါတီများ၏ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့် သတင်းရယူရမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးရာဇာအေးက ပြောသည်။ 

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်ကထက် ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် အငြင်းပွားမှု၊ ပဋိပက္ခ၊ အကြမ်းဖက်မှုများ ပိုမိုများပြားလာနိုင်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် နယူးမြန်မာ ဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ပါရှိသည်။ 

ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီများ အနေဖြင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများနှင့် ချိတ်ဆက်ပြီး စဉ်ဆက်မပြတ် တွေ့ဆုံညှိနှိုင်းရန်၊ ကော်မတီဝင် အချင်းချင်းကြား ဆက်သွယ်မှု ပိုအားကောင်းစေရေး၊ အငြင်းပွားမှုများကို အမြန်ဆုံး ဖြေရှင်းနိုင်ရေး ပါဝင်သူများကို အသိပေး ဆောင်ရွက်ရန်အပြင် မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု၊ ပဋိပက္ခ၊ မငြိမ်သက်မှုများ ဖြစ်ပွားနိုင်ခြေရှိပါက သတင်းပေးနိုင်ရန် အောက်တိုဘာလကုန်မှစပြီး Call Center များ ဖွင့်လှစ်ဆောင်ရွက်ပေးရန်လည်း စစ်တမ်းတွင် အကြံပြုထားသည်။ 

နယူးမြန်မာ ဖောင်ဒေးရှင်းကို ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နိုင်ငံသားများ၏ စွမ်းဆောင်ရည် အားကောင်းရေးနှင့် ဒီမိုကရက်တစ် အုပ်ချုပ်မှု မြှင့်တင်ရေးတို့ဖြင့် မြန်မာ့ဖွံ့ဖြိုးမှုကို အထောက်အကူ ပေးရန်ဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required