မယ်စဲ့မြို့နယ်တွင် KNP က အင်အားပြ မဲဆွယ်၊ ရွေးကော်ကို ကြိုအကြောင်းကြားထားဟု ပြော 

မယ်စဲ့မြို့နယ်တွင် KNP က အင်အားပြ မဲဆွယ်၊ ရွေးကော်ကို ကြိုအကြောင်းကြားထားဟု ပြော 
ဓာတ်ပုံ - စောသန်းထိုက်ဦး

အောက်တိုဘာ ၃၁

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဝင်ရောက် ယှဉ်ပြိုင်မည့် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကယန်းအမျိုးသား ပါတီ (KNP) ကို ထောက်ခံဝန်းရံသူများက မော်တော်ယာဉ်၊ ဆိုင်ကယ်များနှင့် အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က အင်အား ၁၀၀၀ ခန့်ဖြင့် လှည့်လည် မဲဆွယ်ခဲ့ကြသည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

နိုင်ငံရေးပါတီကို ဝန်းရံသူများအနေဖြင့် လှည့်လည်မဲဆွယ်ရာတွင် တစ်ကြိမ်လျှင် လူဦးရေ ၅၀ အထက် မပိုစေရန် ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၂၉ ရက် ညက ထုတ်ပြန်ထားသည်။ 

ကယန်း အမျိုးသားပါတီက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လှည့်လည်မည်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံ ကြိုတင် အကြောင်းကြားထားပြီး ဖြစ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း KNP ပါတီမှ အောင်နိုင်ရေးရုံးအဖွဲ့မှူး ခွန်သောမတ်စ်က ပြောသည်။ 

“ကျွန်တော်တို့ ကော်မရှင်ကိုလည်း ပြောပြထားပြီးသားပဲ။ ၃၀ ရက်နေ့ လုပ်မယ်ဆိုတဲ့ဟာကို။ သို့သော် သိရသလောက် (အောက်တိုဘာ ၂၉) ည ၈ နာရီလောက်မှပဲ ထုတ်ပြန်ချက်တွေ ထွက်လာတယ်ဆိုတော့ ကျွန်တော်တို့ အ နေနဲ့ မတတ်နိုင်တော့ဘူး။ လူတွေလည်း ရောက်ကုန်ပြီး လူလည်းစုံပြီး သွားဖို့ပဲ ကျန်တော့တယ်။ လူတွေ ပြန်ရုတ်ဖို့ မရှိဘူးပေါ့လေ။ မရှိတော့ ကျွန်တော်တို့ ဒီနေ့ လှည့်လည်ရခြင်းပဲ ဖြစ်ပါတယ်” ဟု ခွန်သောမတ်စ်ကပြော သည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် နိုင်ငံရေး ပါတီဝန်းရံသူများ အနေဖြင့် မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ညွှန်ကြားချက်များ၊ အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန်ဖြစ်ပြီး မော်တော်ယာဉ်၊ ရေယာဉ်၊ အနှေးယာဉ်စသည့် မည်သည့် ယာဉ်အမျိုးအစားဖြင့်ဖြစ်စေ လိုက်ပါဝန်းရံသည့်အခါ ခပ်ခွာခွာနေရမည့် social distancing မူများနှင့်အညီ လူ ၅၀ ဦး ထက်မပိုစေဘဲ လိုက်ပါခြင်းဖြင့် မလိုလားအပ်သည့်ဖြစ်စဉ်များ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက် ကြရန်နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ၏ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 

ခွန်သောမတ်စ်က “ကျွန်တော်တို့ စီးတန်းလှည့်လည်ရာမှာ စည်းစနစ်တကျနဲ့ လုပ်နေတာပဲကို ဆိုတော့ တခြားပါတီတွေလည်း မလုပ်ဘူးလား၊ လုပ်ပါတယ်။ ကျွန်တော်တို့ ဝန်းရံတဲ့ အဖွဲ့မှပဲ ကွက်ပြီးတော့ တရားစွဲရင်တော့ နည်းနည်းတော့ ထူးဆန်းတာပေါ့လေ။ တကယ်လို့သာ ဖြစ်လာခဲ့ရင်ပေါ့  စွဲ (တရားစွဲ) မှ စွဲရင်တော့ အားလုံးတန်းတူစွဲ၊ အဲဒီလိုဖြစ်စေချင်တယ်။ ဒါပေမယ့် ဒီအပေါ်မှာ ကျွန်တော်တို့ စိုးရိမ်တာ ဘာမှ မရှိပါဘူး” ဟု ပြောသည်။ 

ဝန်းရံသူများသည် ဖားဆောင်းမြို့မှ မယ်စဲ့သို့ သွားသည့် ကားလမ်းမဘေးရှိ ကျောက်စူ ကျေးရွာတွင် လူစုဝေးခဲ့ပြီး လမ်းမဘေးတလျှောက် မယ်ဆည်နမ်၊ ပန်းတိန်၊ မယ်စဲ့၊ နန်းမန်းနှင့် ဟိုစဲ့ ကျေးရွာများသို့ လှည့်လည်ခဲ့သည်။

ဟိုစဲ့ကျေးရွာသို့ ကယန်းအမျိုးသား ပါတီကို ဝန်းရံသူများ လှည့်လည်ပြီး အပြန် မယ်စဲ့မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် NLD ဝန်းရံသူများက NLD အောင်နိုင်ရေး သီချင်းများ ဖွင့်၍ ကခုန်ကာ အင်အားပြနေသည်ကို တွေ့မြင်ရသည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကယန်းအမျိုးသား ပါတီအနေဖြင့် ကယားပြည်နယ်ရှိ ဒီးမော့ဆိုနှင့် မယ်စဲ့မြို့နယ်၊ ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်၊ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်တို့တွင် မဲဆန္ဒနယ် ၁၁ နေရာ ဝင်ရောက် ယဉ်ပြိုင်မည် ဖြစ်သည်။ 

မယ်စဲ့မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည် ကယန်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက အဓိက လက်ရှိ အနိုင်ရထားသည့် NLD ကို ယဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောသည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ကယန်း အပါအဝင် ကရင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြ၍ ဆန္ဒမဲပေးခွင့်ရှိသူ လူဦးရေ ခန့်မှန်းခြေ ၅၂၀၀ ရှိကြောင်း ခွန်းဘီထူးက ပြောသည်။ 

ကယားပြည်နယ်တွင် မဲဆန္ဒနယ် နေရာ ၃၀ ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီက ကယန်းအမျိုးသား ပါတီနှင့် မဟာမိတ် ပြုလုပ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly